မင်းဘူးမြို့နယ်နှင့် မကွေးမြို့နယ်အတွင်းရှိ လမ်းလုပ်ငန်းများနှင့် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား(မကွေး) လမ်းတို့ကို ဒုတိယဝန်ကြီးဦးဝင်းဖေ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇွန် ၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးမြို့နယ်နှင့် မင်းဘူးမြို့နယ် အတွင်းရှိ လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးခရိုင် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မင်းဘူး-မကွေးလမ်း မိုင်တိုင်အမှတ်(ဝ/၆)မှ(၁/ဝ)အတွင်းနှင့် မိုင်တိုင်အမှတ်(၁/၃)နှင့် (၁/၄)အတွင်း အန္တရာယ်ရှိသော လမ်းကွေ့များ(မျက်ကွယ်ကွေ့များ) မြေဖြတ်ခြင်းလုပ်ငန်းနှင့် ၂၄ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မင်းဘူးခရိုင် လမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဥမ္မာလှိုင်က စက်ယာဉ်ယန္တရားများဖြင့် လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ
များကို လိုက်လံရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းအထူးအဖွဲ့(၁၁)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်း(မင်းဘူးမြို့တွင်းလမ်းပိုင်း) မိုင်တိုင်အမှတ်(ဝ/၄)မှ(၁/၅)အထိ ၉ ဖာလုံ မူလကတ္တရာလမ်း ပေ ၃၀ အကျယ်မှ ၄၈ ပေအကျယ် လမ်းချဲ့၍ နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ လမ်းအထူးအဖွဲ့(၁၁)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်ပိုက လမ်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မင်းဘူး-မကွေးလမ်းပိုင်းလုပ်ငန်းဆောင်ရွက် ရာတွင် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အသွားအပြန်လမ်းနှင့် လမ်းလယ်ကျွန်းထည့်သွင်းဆောင်ရွက်ပြီး လမ်းဘေး ဝဲယာ သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လမ်းဒီဇိုင်းမှန်ကန်မှုရှိစေရေး လမ်းအရည်အသွေး ကောင်းမွန်ရေးနှင့် လမ်းသားများ မပျက်စီးစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား (မကွေး) လမ်းပိုင်းရှိ မိုင်တိုင်အမှတ်(၆၈/၇)မှ (၆၉/၃)ကြားနှင့် မိုင်တိုင်အမှတ်(၃၉/၁)မှ(၃၉/၃)ကြား ၁၈ ပေမှ ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စောမြတ်ခိုင်နှင့် တာဝန်ခံ အင်ဂျင်နီယာများက လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ညို(ပန်းတင်)-မြို့သစ်-ကန်ပြား (မကွေး)လမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုများကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။