ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင်(Pagoda Digital Directory)ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များ တပ်ဆင်မည့် အခြေအနေ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများတွင် (Pagoda Digital Directory) ဘုရားသမိုင်းနှင့် ဘုရားဖူးလမ်းညွှန်များတပ်ဆင်မည့် အခြေအနေ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့မှ ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ ဂေါပကအဖွဲ့ဝင်များ၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ အထင်ကရဘုရားများသာမက ထူးခြားသည့် ဒေသဆိုင်ရာ စေတီပုထိုးများအား Pagoda Digital Directory အဖြစ် Website တွင် ပြသနိုင်ရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် ပြည်၊ မကွေး၊ တောင်ငူ၊ သထုံတို့ပူးပေါင်း၍ Pagoda Digital Directory Web Portal လွှင့်တင်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုရှိ ထင်ရှားသောဘုရားပုထိုးများကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းဝင်ထင်ရှားသောဘုရားများကို လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)နှင့် ကွန်ပျူတာ တက္ကသိုလ်(ပြည်)တို့မှ ပါမောက္ခချုပ်များနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့ ရွှေမော်ဓောစေတီ ရင်ပြင်တော်ပေါ်ရှိ ဂေါပကအဖွဲ့ရုံးခန်းမ၌ ကျင်းပသည့် ပဲခူးမြို့ပေါ်ရှိ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံ ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညိုပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ ပဲခူးမြို့ မြို့မစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာနှင့် ဆရာတော်ကြီးများက သြဝါဒကထာများ မိန့်ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်ထောင်စုဝန်ကြီးက ရွှေမော်ဓောစေတီတော်မြတ်ကြီး ဘက်စုံအလှူတော်အဖြစ် ငွေကျပ် ငါးသိန်း ပေးအပ်လှူဒါန်းရာ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးရွှေမော်ဓောဗုဒ္ဓပြတိုက်၊ ၁၄၇၅ ခုနှစ်တွင် ဓမ္မစေတီမင်းကြီး၏ တူးဖော်လှူဒါန်းခဲ့သည့် လိပ်ပြာကန်ကို ပြန်လည်ပြုပြင်တူးဖော်ထိန်းသိမ်းထားရှိမှု၊ ၁၄၇၆ ခုနှစ်တွင် ဓမ္မစေတီမင်းကြီး တူးဖော်လှူဒါန်း၍ ခေါင်းဆေးမင်္ဂလာပြုခဲ့သည့် ခေါင်းဆေး မင်္ဂလာကန်နှင့် ဓမ္မစေတီမင်းကြီး လှူဒါန်းခဲ့သည့် မဇ္ဈိမဒေသ သာသနာဝင်၊ ပုဂံသာသနာဝင်၊ ဟံသာဝတီသာသနာဝင်၊ ကလျာဏီသိမ် သမုတ်ခြင်းသမိုင်း၊ ရာမညစေတီသမိုင်း၊ ရွှေမော်ဓောစေတီသမိုင်း၊ ဗုဒ္ဓဘာသာနှင့် မွန်စာပေဆိုင်ရာ သမိုင်းဝင်အချက်များပါရှိသည့် ကလျာဏီကျောက်စာချပ်များနှင့် ဓမ္မစေတီမင်းကြီးက ခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် အသစ်ပြန်လည်တည်ဆောက်ထားသည့် ကလျာဏီ သိမ်ပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။