ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

 

ရန်ကုန်  ဇူလိုင်  ၂၁

    ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်   ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့်  လူနာအချို့ဆေးရုံတက်ရောက်မှုများနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏  အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏  ကြီးကြပ်လမ်းညွှန် ပံ့ပိုးမှုတို့ဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ သန်လျင်မြို့နယ်အတွင်း  ဝမ်းပျက်ဝမ်းလျှောရောဂါ  ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ကျင်းပခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့်  နှီးနွှယ်ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များမှ   တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်   သန့်ရှင်းသော သောက်သုံးရေ ရရှိသုံးစွဲနိုင်ရေးအတွက် ရေသန့်စင်ကားဖြင့် သောက်ရေသန့်ပေးဝေနိုင်ရေး  ကိစ္စများ၊  Life Straw ရေသန့်စက်ဖြင့် သောက်ရေသန့် ပေးဝေနိုင်ရေး ကိစ္စများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာသစ်တွေ့ရှိပါက လူနာနေထိုင်ရာ နေအိမ်နှင့်အနီး ပတ်ဝန်းကျင်သို့ အမြန်ဆုံး ကွင်းဆင်း၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်/ရပ်ကွက်မှ တာဝန်ရှိသူများ ပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်လုပ်ငန်း ဆောင်ရွက်နေကြသော စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပြုပြင်ရန်နှင့် ရေနမူနာများအား ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများပါဝင်သည့် ကွင်းဆင်းအဖွဲ့များသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသော လူနာ၏ နေအိမ်နှင့်ပတ်ဝန်းကျင်တွင် ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စုံစမ်းထောက်လှမ်းခြင်း၊  လူနာနှင့်အနီးကပ်နေသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊  သုံးရေသန့်ရှင်းရေး အတွက် ကလိုရင်းဆေးခတ်ခြင်း၊ သောက်ရေ သန့်ရှင်းရေးအတွက်  ရေသန့်ဆေးပြားဖြန့်ဝေခြင်း၊   ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း ကျန်းမာရေး အသိပညာပေးခြင်းများအား ဆောင်ရွက်ပေးခဲ့သည်။

သန်လျင်မြို့နယ်အပါအဝင်  ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်တို့ အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ  ကာကွယ်ရေးအတွက် သန့်ရှင်းသော သောက်ရေရရှိရေး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့၏ ပူးပေါင်းအစီအစဉ်ဖြင့်   ရေသန့်စင်ကားဖြင့် သောက်ရေသန့်များ  ဖြန့်ဖြူးပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်အထိ  သန်လျင်မြို့နယ်အတွင်း ရပ်ကွက်(၈)ရပ်ကွက်ရှိ သောက်သုံးရေ လိုအပ်ချက်ရှိသော အိမ်ထောင်စု ၇၄၆ စုတို့အား  သန့်ရှင်းသော သောက်သုံးရေ ၅၀၇၀ ဂါလန်အား လည်းကောင်း၊ ခရမ်းမြို့နယ်အတွင်း ရပ်ကွက်(၁၀)ရပ်ကွက်ရှိ သောက်သုံးရေလိုအပ်ချက်ရှိသော အိမ်ထောင်စု ၆၅၈ စုတို့အား သန့်ရှင်းသော သောက်သုံးရေ ၃၆၉၀ ဂါလန်အားလည်းကောင်း ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Monday, July 22, 2024 - 10:52