၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသီတင်းပတ်ကာလအတွင်း အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၆၃ သိန်းကျော် အပ်နှံပြီးစီး
နေပြည်တော် ဇွန် ၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ များလည်း သက်ဆိုင်ရာကျောင်းများသို့ လာရောက်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက် အပ်နှံလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ၊ ဆရာမများက လာရောက်အပ်နှံသူမိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံသည့်ကလေးများ အားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကို အခမဲ့ဖြန့်ဝေပေးပြီး မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများပါ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ် နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေးလျက်ရှိကြောင်း သတင်းရရှိသည်။