ဓာတု၊ နျူကလီးယား အန္တရာယ်များကို မိနစ် ၄၀ အတွင်း ထောက်လှမ်းနိုင်မယ့် ဒရုန်း

 

ဓာတု၊ နျူကလီးယား အန္တရာယ်များကို မိနစ် ၄၀ အတွင်း ထောက်လှမ်းနိုင်မယ့် ဒရုန်း

 

        သြစတြီးယားဆက်သွယ်ရေးနဲ့သတင်း အချက်အလက်နည်းပညာ ကုမ္ပဏီဖြစ်တဲ့ Frequentis  က  ဓာတု၊  ဇီဝ၊  ရေဒီယိုရောင်ခြည်၊  နျူကလီးယား (CBRN)အန္တရာယ်များကို   မိနစ် ၄၀  အတွင်း ထောက်လှမ်းစောင့်ကြည့်နိုင်မယ့် ဒရုန်းစနစ် တစ်မျိုးကို ဖန်တီးလိုက်နိုင်ပါတယ်။

အဲဒီထောက်လှမ်းမှုစနစ်ကိုတော့ CBRN -RSS  ကင်းထောက်စောင့်ကြည့်စနစ်လို့ နာမည်ပေးထားပြီး  သူ့ကိုဥရောပစက်မှု ဖွံ့ဖြိုးရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပကာကွယ်ရေး အေဂျင်စီအတွက် ဖန်တီးထုတ်လုပ်ထားတာပါ။

RN-RSSမှာ အသုံးပြုထားတဲ့ အာရုံခံစနစ်တွေ၊ လူမဲ့စနစ်တွေက ဓာတု၊ ဇီဝ၊  ရေဒီယိုရောင်ခြည်၊ နျူကလီးယား အန္တရာယ်တွေကို လေ့လာဆန်းစစ်မှုတွေလုပ်ရာမှာ  အချိန်ကိုပိုမိုတိုတောင်းစေပြီး တုံ့ပြန်မှုအတွက်  အချိန်ပိုရစေပါမယ်လို့ င Frequentis ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလိုမျိုး ဒရုန်းအခြေပြု  CBRNRSS    စနစ်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် စီမံကိန်းကို ဥရောပသမဂ္ဂကလည်း ပါဝင်အားဖြည့် ပေးထားတာဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် ဓာတု၊ ဇီဝ၊ ရေဒီယိုရောင်ခြည်၊ နျူကလီးယားအန္တရာယ်များကို ထောက်လှမ်း တွက်ချက်နိုင်စေဖို့အတွက် လက်ကိုင်အာရုံခံ ကိရိယာတွေ၊  ယာဉ်တင်အာရုံခံကိရိယာတွေနဲ့ လုပ်ဆောင်ခဲ့ရတာပါ။

ဒီလိုလုပ်ဆောင်ခြင်းဟာ လူသားအရင်းအမြစ်အတွက်  သိပ်ကိုအန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်လာတာကြောင့်   လူမဲ့စနစ်နဲ့ ထောက်လှမ်းနိုင်ဖို့ကို  ပညာရှင်များက တွေးတောကြံဆလာကြတာပါ။ တစ်ချိန်တည်းမှာပဲ CBRN ခြိမ်းခြောက်မှုအန္တရာယ်တွေက တစ်နေ့တခြားမြင့်တက်လာနေပါတယ်။

Frequentis   က   စနစ်အတွက်   အချက်အလက်ပေါင်းစည်းမှု ဗဟိုချက်စနစ်တစ်ခုကို ဦးစွာဖန်တီးပါတယ်။

အဲဒီစနစ်က ဒရုန်းတွေ၊ အာရုံခံကိရိယာတွေကနေ  ရရှိလာတဲ့ သတင်းအချက်အလက်များကို ပေါင်းစုံစုစည်းရာ ဗဟိုဌာနပါ။

ဒီဗဟိုချက်စနစ်ကနေမှ တစ်ဆင့် CBRN လိုမျိုး   အန္တရာယ်ရှိတဲ့ အရာဝတ္ထုများကို ထောက်လှမ်းရေးနဲ့ ဆုံးဖြတ်ချက်အမြန် ချမှတ်ရေးတို့ကို လုပ်ဆောင်တာဖြစ်ပါတယ်။

အဓိကကတော့ အာရုံခံကိရိယာတွေကို ဒရုန်းမှာပြောင်းလဲ တပ်ဆင်လိုက်ခြင်းအားဖြင့် လူသားတွေနဲ့ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့  လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေကို များစွာလျော့ကျသွားစေနိုင်ပါတယ်။

အရင်က   လူနဲ့ထောက်လှမ်းမှုတွေ လုပ်တုန်းကဆိုရင်   အဖြေတစ်ခုရရှိဖို့အတွက် အချိန် ၂ နာရီလောက်ကြာမြင့်ပါတယ်။ အခုတော့ ဒီစနစ်ကြောင့် စစ်သည်တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်စေဘဲ အချိန်မိနစ် ၄၀ အတွင်းမှာ တိကျတဲ့အဖြေတစ်ခုကို ရရှိနိုင်ပါပြီလို့    သြစတြီးယား CBRN ကာကွယ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးကြီး ရှလက်ရှတာကပြောပါတယ်။

CBRN-RSS  ဒရုန်းတွေကို  ဘယ်နေရာတွေမှာ   အသုံးပြုနိုင်လဲဆိုရင် ဓာတ်ရောင်ခြည်သင့်နေတဲ့    နေရာတွေ၊ အန္တရာယ်ရှိ ဓာတ်ငွေ့တွေကို   ထွက်ပေါ်လာစေတဲ့ မီးလောင်အဆောက်အအုံတွေ၊ အဆိပ်သင့်ဓာတု ပစ္စည်းများကိုစောင့်ကြည့်မယ့် နေရာတွေနဲ့  တခြားအန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေရဲ့ တည်နေရာကို ရှာဖွေထောက်လှမ်းတာတွေမျိုးမှာ  ကောင်းစွာအသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် အန္တရာယ်ဖြစ်စေမယ့်အဆင့်အထိ မရောက်သေးတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို ရှာဖွေရာနဲ့   အန္တရာယ်တစ်ခုခုကျရောက်ပြီးနောက် အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို စောင့်ကြည်ရာတို့မှာလည်း  ဒီစနစ်ကို အသုံးပြုနိုင်ပါသေးတယ်။   

         

Dates: 
Monday, July 22, 2024 - 12:10