အစ္စရေးက မည်သည့်နေရာမဆိုရှိ ရန်သူများကိုတိုက်ခိုက်နိုင်သည်အထိ လက်တံရှည်သည်ဟု နေတန်ယာဟုပြော

 

အစ္စရေးက မည်သည့်နေရာမဆိုရှိ ရန်သူများကိုတိုက်ခိုက်နိုင်သည်အထိ လက်တံရှည်သည်ဟု နေတန်ယာဟုပြော

 

      အစ္စရေးနိုင်ငံသည် မည်သည့်နေရာတွင်မဆိုရှိသည့် ရန်သူများကို တိုက်ခိုက်နိုင်သည်အထိ လက်တံရှည်ကြောင်းနှင့် ယီမင်နိုင်ငံအပေါ်  တိုက်ခိုက်ခြင်းက နမူနာတစ်ခုပင်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောသည်။

အစ္စရေးတပ်မတော်သည် ယီမင်နိုင်ငံ ဟိုဒေးဒါဆိပ်ကမ်းကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုတစ်ခုကို ဇူလိုင်လ ၂၀ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ရာနေရာတွင် မီးလောင်မှု ကြီးများဖြစ်ပွားပြီး အနည်းဆုံးလူအယောက် ၈၀ ခန့် ဒဏ်ရာရရှိကြောင်း ယီမင်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစ္စရေးတပ်မတော် အနေဖြင့် နိုင်ငံ၏နယ်စပ်မှ ကီလိုမီတာ ၁၇၀၀ ကျော် ကွာဝေးသည့်နေရာသို့ သွားရောက်၍ တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ခြင်းအတွက် ဂုဏ်ယူကြောင်းနှင့် ထိုတိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံ၏ ရန်သူများကို ပြတ်ပြတ်သားသား သတိပေးခြင်းဖြစ်ကြောင်း     နေတန်ယာဟုက ပြောသည်။

တိုက်ခိုက်ခံရသည့်    ဆိပ်ကမ်းသည် အပြစ်ကင်းသည့်နေရာ မဟုတ်ကြောင်း၊ စစ်ရေးရည်ရွယ်ချက်အတွက်  အသုံးပြုနေသည့် နေရာဖြစ်ကြောင်း၊    အီရန်က ဟူသီသူပုန်များကို လက်နက်များ ထောက်ပံ့ပေးရာတွင် ထိုဆိပ်ကမ်းကို ဝင်ပေါက်အဖြစ်အသုံးပြုနေခြင်းဖြစ်ကြောင်း နေတန်ယာဟု ကဆက်ပြောသည်။

ထို့ပြင်  အဆိုပါ တိုက်ခိုက်မှုသည် ဇူလိုင်လ ၁၉  ရက်တွင် တဲအဗစ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအနီး လူတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည့် ဒရုန်းတိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း နေတန်ယာဟုက အလေးပေးပြောသည်။

ယီမင်နိုင်ငံရှိ    နယ်မြေဒေသ အများအပြားကို ထိန်းချုပ်ထားသော ဟူသီအဖွဲ့က ဒေသတွင်းသွားလာနေသည့် အမေရိကန်၊ အစ္စရေးတို့နှင့် ဆက်စပ်ကုန်တင် သင်္ဘောများကို   တိုက်ခိုက်မှုများ လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Dates: 
Monday, July 22, 2024 - 13:44