တရုတ်နှင့်ဖိလစ်ပိုင်တို့က နှစ်နိုင်ငံ ပိုင်နက်ဆိုင်ရာ ပဋိပက္ခများ ရပ်တန့်ရေးအတွက် သဘောတူညီချက် တစ်ခုရရှိ

 

တရုတ်နှင့်ဖိလစ်ပိုင်တို့က နှစ်နိုင်ငံ ပိုင်နက်ဆိုင်ရာ ပဋိပက္ခများ ရပ်တန့်ရေးအတွက် သဘောတူညီချက် တစ်ခုရရှိ

 

     တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်နိုင်ငံကြား ဖြစ်ပွားနေသည့် ရေပြင်ပိုင်နက်ဆိုင်ရာပဋိပက္ခများ ရပ်တန့်စေရေးအတွက် သဘောတူညီချက် တစ်ခုရရှိကြောင်း ဖိလစ်ပိုင်အစိုးရက  ဇူလိုင်လ ၂၁  ရက်တွင် ထုတ်ပြန်ထားသည်။

အရေးပါသောအဆိုပါ သဘောတူညီချက်ကို ဇူလိုင်လ ၂၁ ရက်တွင် ရရှိခြင်းဖြစ်ပြီး ထိုသို့ရရှိစေရေးအတွက် နှစ်နိုင်ငံမှ တာဝန်ရှိသူများက အစည်းအဝေးများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ရကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူနှစ်ဦးကပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ   ဒုတိယသောမတ် သောင်စွယ်ကို သိမ်းပိုက်ထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံကလည်း ထိုသောင်စွယ်ကို ၎င်းတို့ပိုင်ဆိုင်သည်ဟု ပြောထားသည်။

ထို့ကြောင့် အဆိုပါနှစ်နိုင်ငံကြား ပိုင်နက်ဆိုင်ရာ ပဋိပက္ခများသည် အမေရိကန်ပါဝင်လာနိုင်သည့် ပဋိပက္ခကြီး တစ်ခုအထိရောက်ရှိ လာမည်ကို စိုးရိမ်နေရသည့် အခြေအနေဖြစ်လာသည်။

ယခုအခါ နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများသည် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများ လျှော့ချရေး လိုအပ်လာသည်ကို အသိအမှတ်ပြုကြောင်း၊ မတူကွဲပြားမှုများကို ဆွေးနွေးညှိနှိုင်းမှုများ၊  အပြန်အလှန်တိုင်ပင်မှုများမှ တစ်ဆင့် ဖြေရှင်းသွားရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက လက်ခံထားသည်။

ထို့ပြင် လက်ရှိရရှိသော သဘောတူညီချက်တွင် တောင်တရုတ်ပင်လယ်အတွင်း တစ်နိုင်ငံ၏  ရပ်တည်ချက်များအပေါ် တစ်နိုင်ငံက  တစ်ဖက်သတ်ဆုံးဖြတ်ခြင်း မပြုရန်လည်း ပါဝင်သည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့ကြား ထိပ်တိုက် တွေ့ဆုံမှုများ မကြာခဏဖြစ်ပွားသည်ကို တွေ့ရသော်လည်း ထိုသို့ဖြစ်ရခြင်းသည် တစ်ဖက်၏ အမှားကြောင့်ဖြစ်သည်ဟု အခြားတစ်ဖက်က အမြဲအပြစ်တင်လေ့ရှိသည်။

အမေရိကန်နိုင်ငံသည် တောင်တရုတ် ပင်လယ်အရေးတွင် မည်သည့်နယ်မြေပိုင်ဆိုင်မှုမျှ မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်နိုင်ရေးဟု ဆိုကာ ပါဝင်ပတ်သက် နေခြင်းဖြစ်ကြောင်း သိရသည်။

Dates: 
Monday, July 22, 2024 - 13:48