ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေမှုနှင့် စပ်လျဉ်း၍ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ
ရန်ကုန် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား နေမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဗဟို၊ တိုင်းဒေသကြီးနှင့်မြို့နယ် ကွင်းဆင်းအဖွဲ့များက ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ၂၀ ရက်က ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ကြည့်မြင်တိုင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ဆိပ်ကြီး ကျေးရွာရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ လူနာနေအိမ်တို့သို့ သွားရောက်၍ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊နေအိမ်နှင့်လမ်း အနီးတစ်ဝိုက်တွင် လူနာသစ် ရှာဖွေခြင်း၊ လူနာနှင့်ထိစပ်သူ တစ်အိမ်တည်း အတူနေမိသားစုဝင်များအား ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်း (Contact Treatment)၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသည်။
ထို့ပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ညှိနှိုင်းစီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး စက်ဆန်းကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေအသုံးပြုရေး အစီအမံများ ချမှတ်ဆောင်ရွက်၍ Life Straw ရေသန့်စင်စက်နှစ်လုံး တပ်ဆင်ခြင်းနှင့် အသုံးပြုနည်း လက်တွေ့သရုပ်ပြသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
ထို့အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့သည်လည်း သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့သို့ လည်းကောင်း ကွင်းဆင်း၍ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
အလားတူ သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ များကလည်း မြို့နယ်စည်ပင်သာယာရေး ဦးစီးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် သန့်ရှင်းသော သောက်ရေရရှိရေး အထူးစီမံချက်ဖြင့် Life Strawရေသန့်စင်စက် ၁၉ လုံးကို အသုံးပြု၍ သန့်ရှင်းသောသောက်ရေ နေ့စဉ်ဖြန့်ဝေပေးလျက်ရှိရာ ဇူလိုင်လ ၂၀ ရက်တွင် အိမ်ထောင်စု ၄၉၂ စုအတွက် သောက်ရေသန့်လီတာ ၇၅၀ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။