ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ ဝမ်းသာပီတိစကားသံများ

 

ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ ဝမ်းသာပီတိစကားသံများ

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ထိုက်တန်စွာ ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့ကြောင့်  ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတစ်ဝန်းလုံးမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူး ရရှိအောင် စာပေကြိုးစားလေ့လာ ဆည်းပူးခဲ့မှုနှင့် မိမိတို့ကြိုးစားခဲ့မှု ရလဒ်အပေါ် နိုင်ငံတော်မှ အသိအမှတ်ပြု၍ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှောက်ပေးမှုအပေါ် ခံစားရသည့် ဝမ်းသာပီတိစကားသံများကို ရေးသားမျှဝေတင်ပြလိုက်ရပါသည်-

မောင်မင်းခန့်ဗိုလ် (ဘာသာစုံဂုဏ်ထူးရှင်၊ မြန်မာတစ်နိုင်ငံလုံး  သိပ္ပံဘာသာတွဲ ပထမအမှတ် အများဆုံးရရှိသူ)

      ကျွန်တော် ဘာသာစုံဂုဏ်ထူးနဲ့ အမှတ်အများဆုံးဖြစ်အောင် သေသေချာချာ တစိုက်မတ်မတ်ကြိုးစားခဲ့ပါတယ်။ တစ်နေ့စာ တစ်နေ့ ပြီးအောင် လေ့လာကျက်မှတ်ပါတယ်။ အထပ်ထပ်အခါခါ လေ့ကျင့်ခန်းတွေ ပြန်လည်လေ့ကျင့်ပါတယ်။ ကျောင်းက ဆရာ၊  ဆရာမတွေရဲ့သင်ကြားမှု၊  မိဘတွေရဲ့အားပေးမှုတွေနဲ့ သေသေချာချာ ကြိုးစားခဲ့ပါတယ်။  အခုလို ဘာသာစုံထူးချွန်သူတွေကို   နိုင်ငံတော်အဆင့် အခမ်းအနားနဲ့   ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။  နိုင်ငံတော်အစိုးရနဲ့   တာဝန်ရှိသူတွေကိုလည်း   ကျေးဇူးတင်ရှိပါတယ်။  ကျွန်တော်က   ဆေးတက္ကသိုလ်တက်ဖို့   ရည်ရွယ်ထားပါတယ်။    နိုင်ငံတော်က အားထားရတဲ့    ဆရာဝန်တစ်ယောက်အဖြစ်   တာဝန်ထမ်းဆောင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်ကသာ ကြိုးစားအားထုတ်မှုရှိမယ်ဆိုရင်    အောင်မြင်မှုဆိုတာက  ကြိုးစားရင် ကြိုးစားသလောက်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ကြိုးစားခဲ့သမျှ အရာအားလုံးက နောင်တစ်ချိန်မှာ ထိုက်သင့်သလောက် အရာထင်ကျန်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့် ညီလေး၊ ညီမလေးတွေကလည်း ဘာသာစုံဂုဏ်ထူးတွေနဲ့    နိုင်ငံတော်အတွက်   အားကိုးရတဲ့သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

Description: C:\Users\dsitd\Desktop\23-7-2024\237142.JPG

မနှင်းကြယ်စင်ထွန်း (ဘာသာစုံဂုဏ်ထူးရှင်၊ မြန်မာတစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ ဒုတိယ အမှတ်အများဆုံးရရှိသူ)

      ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲမှာ မြန်မာတစ်နိုင်ငံလုံး အနေနဲ့ ရမှတ်အများဆုံး ဒုတိယဆုရရှိထားတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အထက(၁) ဒဂုံကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ကျွန်မကြိုးစားပြီး ရခဲ့တဲ့ရလဒ်ကို အသိအမှတ်ပြုဂုဏ်ပြုပွဲကို တက်ရောက်ရတဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ KG+12 စနစ်သစ်ဖြစ်တဲ့အတွက် မေးခွန်းဟောင်းလည်း မရှိခဲ့တဲ့အတွက် သေသေချာချာ လေ့လာမှတ်သား ကြိုးစားခဲ့ရပါတယ်။ နားမလည်တဲ့ သင်ခန်းစာတွေဆို ရင်လည်း ဆရာ၊ ဆရာမတွေကို မေးမြန်းပြီး လေ့ကျင့်ပါတယ်။ တစ်နေ့စာ တစ်နေ့ကို လည်း    ပြတ်အောင်လေ့ကျင့်ပါတယ်။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ပြီး လေ့ကျင့်ခဲ့တဲ့ အတွက် အခုလို ထူးချွန်ခဲ့တာ ဖြစ်ပါတယ်။ သမီးရဲ့ ရည်မှန်းချက်ကတော့ ဆရာဝန်ကောင်း တစ်ယောက်ဖြစ်ချင်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးကို  ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ထူးချွန်တဲ့ ဆရာဝန်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ရည်မှန်းထားပါတယ်။ မောင်လေး၊ ညီမလေးတို့ကို ပြောချင်တာကတော့ စနစ်သစ်ဖြစ်တဲ့အတွက် အထူးဂရုစိုက်ရမယ်လို့ ပြောချင်ပါ တယ်။ ကံ၊ ဉာဏ်၊ ဝီရိယတို့ကို ပေါင်းစည်းပြီးတော့ တစိုက်မတ်မတ်နဲ့ ကြိုးစားသွား မယ်ဆိုရင် ကိုယ့်ရဲ့အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ အသီးအပွင့်အောင်မြင်မှုတွေကို ရရှိမှာ ဖြစ်ပါတယ်လို့ပြောချင်ပါတယ်။

Description: C:\Users\dsitd\Desktop\23-7-2024\237143.JPG

မောင်အောင်ကောင်းပြည့် (ဘာသာစုံဂုဏ်ထူးရှင်)

      ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူး  ထွက်ရှိဖို့အတွက် ဘာသာစုံအလိုက် လေ့လာကျက်မှတ်ရပါတယ်။ စာသင်နှစ်အစကတည်းက တစိုက် မတ်မတ်နဲ့ လေ့ကျင့်သင်ယူရပါတယ်။ လူရည်ချွန်စာမေးပွဲနဲ့ တက္ကသိုလ်ဝင်စာမေးပွဲပါ ဖြေဆိုတဲ့အတွက် နှစ်ဖက်စလုံးကို မလစ်ဟင်းရအောင် တော်တော်လေးကြိုးစား ခဲ့ရပါတယ်။ အခုလို ဘာသာစုံဂုဏ်ထူးရှင်တွေကို နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် နိုင်ငံတော်အစိုးရကိုလည်း   ကျေးဇူးတင်ပါတယ်။ ဘာသာစုံဂုဏ်ထူးထွက်အောင် ကြိုးစားခဲ့ရတာကို အသိအမှတ်ပြုပေးတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူ ဖြစ်ရပါတယ်။ ခြောက်ဘာသာ ဂုဏ်ထူးရှင် လူရည်ချွန် တစ်ယောက်အနေနဲ့ အနာဂတ် နိုင်ငံတော်အတွက် အားကိုးအားထားရတဲ့ ဆရာဝန် တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ တာဝန်တွေကို တစ်ထောင့်တစ်နေရာကနေ ပါဝင်သယ်ပိုးနိုင်တဲ့ နိုင်ငံ့သားကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။ညီလေး၊ ညီမလေးတွေအနေနဲ့လည်း ကြိုးစားကြပါ၊ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုပွဲတွေကိုလည်း နိုင်ငံတော်က ကျင်းပပေးနေတဲ့အတွက်  နိုင်ငံတော်အတွက် အားကိုး အားထားရတဲ့လူငယ်တွေဖြစ်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယထားကြပါလို့ပြောချင်ပါတယ်။

Description: C:\Users\dsitd\Desktop\23-7-2024\237144.JPG

ဒေါ်သက်သက်သင်း (ကျောင်းအုပ်ဆရာမကြီး၊ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း)

      ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့  ကျောင်းသား၊ ကျောင်းသူ ၅၀၇ ဦး ရှိပါတယ်။ ယခင်နှစ်တုန်းကလည်း ဘာသာစုံဂုဏ်ထူးရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိပါတယ်။ ဒီတစ်ခါမှာတော့  ခြောက်ဘာသာ ဂုဏ်ထူးရှင်တွေ အမြောက်အမြား ထွက်ရှိတဲ့အတွက် ကျောင်းသားတွေရဲ့ ထူးချွန်မှုကို အင်မတန်ဝမ်းသာ ဂုဏ်ယူပါတယ်။ ခြောက်ဘာသာဂုဏ်ထူးရှင်တွေ အကုန်လုံးကို စုစုစည်းစည်းနဲ့ တစ်နေရာတည်းမှာ နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ    ဆုချီးမြှင့်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူအားလုံးကလည်း အားကျစိတ်၊ ဂုဏ်ယူစိတ်၊ အတုယူစိတ်၊ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်ကလည်း ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပေးတယ်။ ကျောင်းသား၊ကျောင်းသူတွေကလည်း    ဘာသာစုံဂုဏ်ထူးရမှချီးမြှင့်ခံရတာဖြစ်တဲ့အတွက် ခြောက်ဘာသာလုံးကို ကြိုးစားလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Description: C:\Users\dsitd\Desktop\23-7-2024\237145.JPG

ဒေါ်သင်းနုနုစိန် (ညွှန်ကြားရေးမှူး၊အခြေခံပညာဦးစီးဌာန)

      ဒီနေ့အခမ်းအနားက တစ်နိုင်ငံလုံးမှာ ဘာသာစုံဂုဏ်ထူးရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံတော်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ပေးတာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို ဒီလိုဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ကျင်းပပေးတဲ့အတွက် ပညာကိုဆက်လက်သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်လိုစိတ် ပိုမိုဖြစ်ထွန်းလာစေပြီး နိုင်ငံ့သားကောင်းတွေဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။ ဒီလို အခမ်းအနားနဲ့ ဘာသာစုံဂုဏ်ထူးရှင်တွေကို ဆုချီးမြှင့်တဲ့အတွက် တခြားကျောင်းသား၊ကျောင်းသူတွေကလည်း လေးစားအားကျပြီး ပိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာစေဖို့အတွက်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ဘာသာစုံဂုဏ်ထူးရှင်တွေက ၅၀၇ ဦးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သူတွေရှိတဲ့ အတွက် ၄၇၇ ဦး တက်ရောက်မှာဖြစ်ပါတယ်။ ဒီလို နိုင်ငံတော်အဆင့် အခမ်းအနားနဲ့  ဆုချီးမြှင့်လိုက်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအားလုံး အထောက်အပံ့တွေ အများကြီး ရရှိစေပါတယ်။ ကျောင်းသား၊ ကျောင်းသူအားလုံးက မူလတန်းကတည်းက အထက်တန်းအထိ တစိုက်မတ်မတ်နဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားအားထုတ်လာတဲ့ ကလေးတွေဖြစ်ပါတယ်။   ဒီလိုအခမ်းအနားကြီး တစ်ခုနဲ့ ဂုဏ်ပြုချီးမြှင့်ပေးတဲ့အတွက် စိတ်ခွန်အားတွေဖြစ်ပြီး ပိုပြီး ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ ဒီလိုထူးချွန်ထက်မြက်တဲ့ လူငယ်တွေ ပေါ်ထွန်းလာပြီဆိုရင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းတွေမှာ ပိုပြီးအထောက်အကူပြုစေမှာဖြစ်ပါတယ်။

Description: C:\Users\dsitd\Desktop\23-7-2024\237146.JPG

မမိုးမြင့်မြတ်သူ(ကချင်ပြည်နယ်)

      ကျွန်မကတော့ ဗန်းမော်မြို့  စံကိုယ်ပိုင်ကျောင်းကနေ  Grade-12  ကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အမှတ်ပေါင်း၅၄၄ မှတ်နဲ့ ကချင်ပြည်နယ်မှာ ပထမဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဒီလိုမျိုးရရှိဖို့ စာသင်နှစ်အစ ကတည်းက သေချာလေးကြိုးစား အားထုတ်ခဲ့ရပါတယ်။ Grade-12  က ကျွန်မတို့နှစ်မှာ ပထမဦးဆုံးနှစ်ဖြစ်ပါတယ်။ ကျွန်မတို့မှာ လေ့ကျင့်စရာ မေးခွန်းဟောင်းတွေလည်း မရှိခဲ့ပါဘူး။ ကျွန်မအတွက်စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ လာမယ့်နှစ် Grade-12 ကိုဖြေဆိုမယ့်မောင်လေး၊ ညီမလေးတွေကို အားပေးစကားပြောရမယ်ဆိုရင် အမြဲတမ်းကိုယ့်ကိုယ်ကိုယ်လုပ်နိုင်တယ်ဆိုပြီး ယုံကြည်ချက်ထားပါ။ သင်ရိုးကို ကျေညက်နေမှမေးခွန်းများကို ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ အခုလို နိုင်ငံတော်အဆင့်ပွဲမျိုးကို ကျင်းပပေးခြင်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတာက အလွန်ဂုဏ်ယူဖွယ်ကောင်းပါတယ်။  ကျွန်မရဲ့ရည်မှန်းချက်က ခွဲစိတ်အထူးကု ဆရာဝန် ဖြစ်ချင်ပါတယ်။ ငယ်ရွယ်တဲ့အချိန်မှာ တစ်ပါး သူရဲ့သွေးထိုးလှု့ံဆော်မှုကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ် လမ်းမှားကို ဆက်လျှောက်နေရင် ကိုယ့်ရဲ့ပညာရေးကိုလည်း ထိခိုက်စေပါတယ်။ လမ်းမှားလျှောက်နေရင် ကိုယ့်ရဲ့အနာဂတ်ကိုလည်း ဆိုးရွားသွားနိုင်ပါတယ်။ မိဘတွေကလည်း  ကိုယ့်သားသမီးကို  ဘယ်လမ်းကြောင်းမဆို ထူးချွန်တဲ့သူတွေအဖြစ် မြင်စေချင်တာဖြစ်ပါတယ်။ ဒါကြောင့် လမ်းမှားရောက်နေရင်  ကိုယ့်ကိုယ်ကိုယ်အတွက် မကြည့်ဘဲ မိသားစုအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ပဲဖြစ်ဖြစ် လမ်းမှန်ပေါ်လျှောက်ကြပါလို့ ပြောချင်ပါတယ်။   ။