ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တွေ့ဆုံ
ရန်ကုန် ဇူလိုင် ၂၂
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ကြရန်၊ ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပြီးစီးမှု၊ Keyboard ဂီတသင်တန်း ပို့ချနေမှုနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသားဖူဆယ်အသင်းတို့ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။