နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါး စီမံကိန်းအတွက် သွင်းအားစုပေးအပ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်တာဝန် ရှိသူများသည် မိုးစပါးအထွက်နှုန်း တိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်း အတွက် တောင်သူများသို့ သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦးက မိုး စပါးတိုးမြင့်ထွက်ရှိရေး၊ မျိုးကောင်းမျိုး သန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် လက်ရှိ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ တောင်သူများစိုက်ပျိုးထားသည့် မိုးစပါး များ အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင် ရည်မှန်းချက်ပြည့်မီစေရေး အတွက် သွင်း အားစုများ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဓာတ်မြေသြဇာနှင့် သဘာဝမြေ သြဇာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်တို့က တက်ရောက် လာကြသော တောင်သူများ လက်ဝယ် အရောက် ပေးအပ်ကြကြောင်း သိရသည်။