နှမ်းနှင့်ပဲတီစိမ်း အကန့်လိုက်စိုက်ပျိုးနည်းစနစ် ဆောင်ရွက်ထားရှိမှု စိုက်ပျိုးနည်းပညာပေး ဝန်ထမ်းများ လာရောက်လေ့လာ

 

နှမ်းနှင့်ပဲတီစိမ်း အကန့်လိုက်စိုက်ပျိုးနည်းစနစ် ဆောင်ရွက်ထားရှိမှု စိုက်ပျိုးနည်းပညာပေး ဝန်ထမ်းများ လာရောက်လေ့လာ

နေပြည်တော် ဇွန်  ၁

 

ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲနှင့်ဒေသခံတောင်သူများ ပူးပေါင်း ဆောင်ရွက်ထားသည့် ပေါင်ကြီးတင်စနစ်အပါအဝင်   နှမ်းသီးနှံစိုက်စနစ်လေးမျိုး စမ်းသပ် စိုက်ပျိုးထားရှိမှု၊ နှမ်းနှင့်ပဲတီစိမ်းအကန့်လိုက် စိုက်ပျိုးနည်းစနစ်ဆောင်ရွက်ထားရှိမှုကို     ယနေ့နံနက်ပိုင်းတွင်

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ စိုက်ပျိုးနည်းပညာပေးဝန်ထမ်းများ လာရောက်လေ့လာကြသည်။

ထိုသို့ ကြည့်ရှုလေ့လာစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နှမ်းမျိုးဗီဇအလိုက်  မြေပြုပြင်ထွန်ယက်သည်မှ ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းစဉ်များနှင့် မိုးကြီးစွာရွာသွန်းခြင်းကြောင့် နှမ်းစိုက်ခင်းများ  ပျက်စီးဆုံးရှုံးမှုကို  ထိရောက်စွာ ကာကွယ်နိုင်သည့်  ပေါင်ကြီးတင်စိုက်ပျိုးနည်းစနစ်ဆိုင်ရာ  ဆောင်ရွက်ဖွယ်ရာများ၊ ပေါင်ကြီးတင်  စိုက်ပျိုးနည်းစနစ်သည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသော  စိုက်နည်းစနစ်ဖြစ်မှု၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာနှင့်ကျန်ရှိသည့် မိုးသီးနှံများတွင် ယင်းစနစ်ကိုကျင့်သုံးလာစေရေး နည်းပညာပေးရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

အဆိုပါ နည်းပညာပေးစံပြစိုက်ကွင်းတွင် (ဆင်းရတနာ - ၃) နှမ်းမျိုးနှင့် (ဆင်းရတနာ - ၁၄) ပဲတီစိမ်းမျိုးတို့ကို အကန့်လိုက်စိုက်ပျိုးခြင်း၊ ပေါင်ဖော်ပြီး  လက်သုံး မျိုးစေ့ချကိရိယာဖြင့်  နှမ်းစိုက်ပျိုးခြင်း၊ ထွန်စက်ဖြင့် ပေါင်ဖော်ပြီး  စက်ကိရိယာအသုံးပြု၍  စိုက်ပျိုးခြင်း၊  ကြဲပက်ပြီး ပေါင်ဖော်စိုက်ပျိုးခြင်းနှင့်  ပေါင်ဖော်ပြီး ကြဲပက်စိုက်ပျိုးခြင်း မျိုးစေ့ချစနစ်လေးမျိုးကို စမ်းသပ်စိုက်ပျိုးထားရာ မေလနောက်ဆုံးပတ်တွင် မုန်တိုင်းမိုးရွာ သွန်းခဲ့သော်လည်း နှမ်းများလုံးဝထိခိုက်မှုမရှိဘဲ ရှင်သန်ဖြစ်ထွန်းနေကြောင်း၊ ပေါင်ကြီးတင်စနစ် သည် မိုးများလျှင် ရေထုတ်နိုင်ခြင်း၊ ရေလိုလျှင် အပင်ခြေရေမဝပ်အောင် ရေသွင်း၍ရခြင်း၊ မိုးနည်းပါးသော  နေရာများတွင် မြောင်းအတွင်းရေလှောင်ထားနိုင်ခြင်း စသည့်   အကျိုးကျေးဇူးရရှိနိုင်သည့်အပြင် အပင်ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများကို အလွယ်တကူ ဆောင်ရွက်နိုင်ကြောင်း  သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌  ကျင်းပသည့် အစေ့ထုတ်ပြောင်း သီးနှံတွင်(Fall - army-worm - FAW) ဖောငမြှောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းခြင်းနှင့် အစေ့ထုတ်ပြောင်းသီးနှံ မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများတွင် တောင်သူများ  ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ ဆွေးနွေးပွဲသို့ တက်ရောက်၍ ဖောငမြှောင်တောင်ဖျက်ပိုး အပါအဝင် သီးနှံပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊  သီးနှံဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အွန်လိုင်းမီဒီယာများတွင် စနစ်တကျရှာဖွေလေ့လာ အသုံးပြုနိုင်မှုကို  လက်တွေ့အသုံးပြု ပြသရှင်းလင်း ဆွေးနွေးပြီး တောင်သူနည်းပညာပေးလယ်ယာရုပ်သံများကို လက်ကိုင်ဖုန်း အသုံးပြု  ရိုက်ကူး ထုတ်လွှင့်ခြင်းအပြင် တောင်သူတစ်ဦးချင်းထံမှ ကောင်းမွန်သော အလေ့အကျင့်များကို တိုးတက် ပြောင်းလဲလာသော ခေတ်မီဆက်သွယ်ရေးနည်းပညာများကို ထိထိရောက်ရောက်အသုံးပြုနိုင်ရေး၊ တောင်သူများ အကျွမ်းတဝင် သုံးစွဲနိုင်စေရေးတို့အတွက်  စိုက်ပျိုးနည်းပညာ ဖြန့်ဝေပေးရန်  လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍   သီးနှံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက အစေ့ထုတ်ပြောင်း သီးနှံတွင် (Fall - army-worm - FAW) ဖောငမြှောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်းနည်းနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တောင်သူများ၏ အတွေ့အကြုံများ တင်ပြခြင်း၊ သိရှိလိုသည်များ  မေးမြန်းခြင်းအပေါ် ဒုတိယဝန်ကြီးနှင့် ပညာရှင်များက ပြန်လည် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။