နေပြည်တော်စည်ပင်သာယာရေးကော်မတီ (၁ )နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပ
နေပြည်တော် ဇွန် ၁
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား အရာရှိကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန် ဦးသန်းထွန်းဦးက နှစ်ပတ်လည် နေ့အထိမ်းအမှတ် အမှာစကားပြောကြားပြီး မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန် ရှိသူများက နိုင်ငံတော်မှချီးမြှင့်သည့် စီမံထူးချွန်တံဆိပ်(ပထမဆင့်)နှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်း ၃၅ ဦး၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသူ ၁၃ ဦးနှင့် အလွတ်တန်းဂေါက်သီးရိုက် အားကစားပြိုင်ပွဲတွင် ဆုရရှိသူတစ်ဦးတို့ကို ထပ်ဆင့်ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ကြသည်။
ထို့နောက် မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအတွက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် လူမှုရေးထောက်ပံ့စရိတ်ငွေများနှင့် တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအတွက် ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံစရိတ် ထောက်ပံ့ငွေများကို ပေးအပ်ကြကာ ဧည့်သည်တော်များ၊ ဝန်ထမ်းများနှင့် မိသားစုများကို နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။