ရင်မှာလန်းဆန်းအပြုံးပန်းတို့နဲ့အတူ အောင်ပန်းကိုပြု အောင်ဆုယူကြပြီ

 

ရင်မှာလန်းဆန်းအပြုံးပန်းတို့နဲ့အတူ  အောင်ပန်းကိုပြု အောင်ဆုယူကြပြီ

 

      နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကိုဖော်ဆောင်ရာမှာ   လူသားအရင်းအမြစ်သည် အဓိကဖြစ်ပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ဆိုရင် ပညာကို  အဓိက တည်ဆောက်ကြရမှာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာတတ်များပေါများ လာစေရေးကိုဦးတည်ပြီး ပညာရေးရင်းနှီး မြှုပ်နှံမှုကိုအလေးထားလျက် ပညာရေးကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်စေဖို့ အားပေးကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား ပညာရည်မြင့်မားရေး အနှစ်(၃၀)နှစ်ရှည်စီမံကိန်းဖြင့် အကောင်အထည်ဖော်ခဲ့ပြီး ယခုအမျိုးသား ပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၂၁-၂၀၃၀) ကိုရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပါတယ်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းဟာ ပညာရေးဆိုင်ရာ လိုအပ်ချက်များနဲ့ ကျောင်းသားများရဲ့ အလုပ်အကိုင်ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမျိုးသားပညာရေး စနစ်ရဲ့ပြုပြင်ပြောင်းလဲမှု တစ်ရပ်ဖြစ်ပါတယ်။  အမျိုးသားပညာရေးစနစ်ရဲ့ အဆင့်အသီးသီးမှာ သင်ယူမှု အခွင့်အလမ်းတွေ ပိုမိုရရှိခြင်းနဲ့အတူ ပညာအရည်အသွေး တိုးတက်လာခြင်းဆိုတဲ့ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိနေဖို့ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ ငါးနှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး နိုင်ငံတစ်ဝန်း ကျောင်းလုံးဝမနေဘူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်။ အလယ်တန်းအထိ ပညာသင်ယူခဲ့သူ ၁၈ ဒသမ ၂ သန်းခန့်နဲ့အထက်တန်းပညာ သင်ယူခဲ့သူ ခုနစ်သန်းကျော် ခန့်ရှိပြီး  လူဦးရေ သုံးသန်းနီးပါးခန့်သာ ဘွဲ့ရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော် အစိုးရအနေနဲ့ ပညာရေးမြှင့်တင်မှု လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အတတ်ပညာ တတ်မြောက်သူတွေ၊ အသိပညာပြည့်စုံတဲ့ ပညာတတ်တွေပေါများနေမှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ပါတယ်။ အတန်းပညာရှိမှ အသိပညာနဲ့ အတတ်ပညာရရှိဖို့ လွယ်ကူမှာဖြစ်တဲ့အတွက် လူငယ်များမိမိခြေထောက်ပေါ်တွင် ရပ်တည်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများ အမှန်တကယ်ရရှိအောင် သင်ကြားလေ့ကျင့် ပေးလျက်ရှိပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှာလည်းနိုင်ငံသားတိုင်းပညာ သင်ကြားပိုင်ခွင့်ရှိပြီး မသင်မနေရ အခြေခံပညာသင်ကြားခွင့်ကို အာမခံထားပါတယ်။

ကျောင်းနေအရွယ်ကလေးအားလုံး၊ ပညာသင်ယူရမယ့် အရွယ်အားလုံး ပညာသင်ယူခွင့် ရရှိစေရန်နဲ့ အခြေခံပညာ အလယ်တန်းအဆင့်   KG+9 အဆင့်ပြီးမြောက် မှသာ သက်မွေးပညာသင်ကြားနိုင်မှာဖြစ်ပြီး အဲဒီကတစ်ဆင့် သတ်မှတ်ချက်ပြည့်မီရင် အထက်တန်းပညာ၊ အဆင့်မြင့်ပညာတွေကို ဆက်လက်ကူးပြောင်း သင်ယူနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို ဦးဆောင်တဲ့ အချိန်ကစလို့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေ ချမှတ်ပြီးစနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိအောင်လုပ်ဆောင်နေသလို စီးပွားရေးအရလည်း တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေရိက္ခာဖူလုံရေးမှသည် ပြည်ပသို့ပို့ကုန် တိုးမြှင့်တင်ပို့နိုင်သည် အထိဆောင်ရွက်ပေးလျက်ရှိပါတယ်။ လူမှုရေး ဦးတည်ချက်တွေအနေနဲ့ “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကိုအကောင်အထည်ဖော်ဆောင်ရေး။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး။  နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး” ဆိုတဲ့ဦးတည်ချက်တွေ ချမှတ်ထားပါတယ်။ ဒါကိုလေ့လာကြည့်ခြင်းအားဖြင့် လူငယ်တွေအပေါ် နိုင်ငံတော်အစိုးရအနေနဲ့ အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိမြင်နိုင်ပါတယ်။

လူငယ်တွေရဲ့အနာဂတ်တွေ လှပကောင်းမွန်နေဖို့ လက်ရှိလူကြီးတွေက၊ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးလျက်ရှိရာ လူငယ်တွေအနေနဲ့လည်း လိုက်ပါလုပ်ဆောင်ကြဖို့ အရေးကြီးလှပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုစကားအတိုင်း နောင်တစ်ချိန်မှာ နိုင်ငံတော်ရဲ့တာဝန်အရပ်ရပ်၊  ကဏ္ဍအသီးသီးမှာ တာဝန်ယူကြရမှာဖြစ်လို့ လူငယ်တွေကိုတန်ဖိုးထား နေခြင်းလည်းဖြစ်ပါတယ်။ လူငယ်တွေကိုယ်တိုင်က မိမိတို့အနာဂတ်ကို မိမိတို့ကောင်းမွန်အောင် လုပ်ဆောင်နိုင်ကြမှသာ မိမိအတွက်၊ မိမိတို့မိသားစုအတွက်၊ နိုင်ငံတော်အတွက် သားကောင်းသမီးမွန်တွေ ဖြစ်လာကြမှာဖြစ်ပါတယ်။ သားကောင်းသမီးမွန်တွေ များလာ မှလည်း မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံကနေ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်ကို ရောက်ရှိမှာဖြစ်ပါတယ်။ လူငယ်တွေ အနေနဲ့  စဉ်ဆက်မပြတ် ကြိုးစားသွားကြမယ်ဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံကနေ အဖွံ့ဖြိုးဆုံး နိုင်ငံအဖြစ်ကိုရောက် ရှိလာမှာမလွဲပါဘူး။ လူသာပဓာနမို့ကြိုးစားကြစေချင်ပါတယ်။

တကယ်ကြိုးစားသူတွေအတွက် အောင်မြင်မှုဆိုတာကို အမှန်တကယ် လက်ဝယ်ပိိုင်ပိုင်ရရှိမှာမလွဲ ဧကန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ ကမ္ဘာ့အဆင့်မီပညာရေး စနစ်အဖြစ် ကူးပြောင်းလျက် ရှိရာမှာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဟာ စနစ်သစ်ပညာရေးရဲ့ ပထမဦးဆုံး စာမေးပွဲဖြစ်ပါတယ်။  Grade -1  မှ Grade-12 ပညာရေးစနစ်မှာပထမဆုံး  Grade-12 စာမေးပွဲ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြစ်လို့  အောင်မြင်သူများ၊ ဂုဏ်ထူးဖြင့်အောင်မြင်သူများ၊ ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်သူများမှာ ချီးမွမ်းထောပနာပြုဖွယ် ကောင်းလှပါတယ်။ သင်ကြားပို့ချခံယူတာချင်း အတူတူ၊ လေ့လာမှတ်သားတာချင်း အတူတူ၊ စာကြိုးစားတာချင်း အတူတူ  ပိုမိုကြိုးစားအားထုတ်သူအတွက်  ပိုမိုကြီးမားတဲ့ အောင်မြင်မှုဆိုတာ ရရှိတာဖြစ်ပါတယ်။ သူများထက်ပိုတော်ချင်ရင် သူများထက်ပိုကြိုးစား ဆိုစကားအတိုင်း သူတို့တွေကြိုးစားခဲ့ကြပါတယ်။ ကြိုးစားတဲ့အလျောက် အောင်မြင်မှု အသီးအပွင့်တွေ ရရှိခဲ့ပါတယ်။

လူငယ်မောင်မယ်တိုင်းက ဇွဲ၊  လုံ့လ၊ ဝီရိယတွေနဲ့ ကြိုးစားမယ်ဆိုရင် လူငယ်တိုင်းအောင်မြင်မှုကို ရရှိမှာဖြစ်ပါတယ်။ ပညာရေးမှာကြိုးစားလို့ အောင်မြင်ခဲ့သူတွေအတွက် နိုင်ငံတော်အစိုးရ အနေနဲ့လည်း အဆိုပါအောင်မြင်မှုကို အခြားသောကျောင်းသား၊    ကျောင်းသူတွေ အတုယူအားကျနိုင်ဖို့   ဂုဏ်ပြုပွဲတွေ ကျင်းပပေးလျက်ရှိပါတယ်။ ဘာသာစုံဂုဏ်ထူးရအောင် ကြိုးစားခဲ့ကြတဲ့ လူငယ်မောင်မယ်တွေရဲ့ ကြိုးစားအားထုတ်မှု၊ အောင်မြင်မှုဟာ   တကယ့်ကို အံ့မခန်းတော်လွန်းလှပါတယ်လို့ ပြောချင်ပါတယ်။ ဒီလိုမျိုးလူတော် တွေပေါ်ထွန်းလာတာဟာ  နိုင်ငံတော်အစိုးရရဲ့ လူမှုရေးဦးတည်ချက်တွေ အောင်မြင်မှုပါပဲ။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးဖြေဆိုသူ ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူ ၇၄၅၉၂ ဦးရှိပါတယ်။ တစ်နိုင်ငံလုံး အောင်မြင်မှု ရာခိုင်နှုန်းအနေနဲ့ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်းဖြစ်ပါတယ်။   အောင်မြင်မှုရာခိုင်နှုန်း မြင့်မားတဲ့အတွက် သင်ကြားပြသသူဆရာ၊ ဆရာမအပေါင်း၊ အောင်မြင်ကြသူ ကျောင်းသား၊ ကျောင်းသူအပေါင်းနဲ့ ဝန်းရံပေးကြသူ မိဘအပေါင်းအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲမှာ သိပ္ပံတွဲဖြင့် အမှတ်အများဆုံးရရှိသူ  ၁၁ ဦး၊ ဝိဇ္ဇာတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦး၊ ဝိပ္ပံတွဲဖြင့် အမှတ်အများဆုံးရရှိသူ ၁၀ ဦးတို့ရဲ့ အောင်မြင်မှုကိုတွေ့မြင်ရပါတယ်။   ဒါ့အပြင် တစ်နိုင်ငံလုံး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အားလုံးထဲမှာ ဘာသာစုံဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်သူ ၅၀၇ ဦးရှိတယ်လို့သိရပါတယ်။ ပထမဆုံးသော စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခြင်းဖြစ်လို့ စာရေးသူကတော့ မှတ်တမ်း တင်ဂုဏ်ယူထိုက်သူများလို့ မြင်မိပါတယ်။ အခြေခံပညာနယ်ပယ်မှ စာပေသူရဲကောင်းများလို့ပင်မှတ်ယူ ချင်ပါတယ်။ တကယ်လည်းတော်ကြပါပေတယ်။ 

အခြေခံပညာရေးဆိုတာ အရည်အသွေးပြည့်ဝတဲ့ အဆင့်မြင့်ပညာရေးရဲ့   အခြေခံဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် တန်းစဉ်ကူးပြောင်းရာမှာ အတန်းစာမေးပွဲအောင်ရုံသာမက အတန်းပညာများ အမှန်တကယ် တတ်မြောက်ရန် သင်ကြားလေ့ကျင့် ပေးရမှာဖြစ်ပါတယ်။ ဆရာကောင်း တပည့် ပန်းကောင်းပန်ဖြစ်စေဖို့အတွက် ဆရာကောင်းတွေ အများကြီးပေါ်ထွန်းဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် လည်း နိုင်ငံတော်အစိုးရ အနေနဲ့ဘာသာရပ်ဆိုင်ရာဆရာ၊ ဆရာမတွေပြည့်စုံအောင် ခန့်ထားပေးနိုင်ဖို့ ဆောင်ရွက်ပေးနေသလို သက်ဆိုင်ရာကဏ္ဍအလိုက် တိုးတက်ပြောင်းလဲနေတဲ့  ပညာရပ်အသစ်တွေ၊ သင်ခန်းစာအသစ်တွေကို လေ့လာတတ်ကျွမ်းစေဖို့ ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းတွေ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။   ထို့အတူကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအတွက်လည်း အုပ်ချုပ်မှုသင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိနေပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့်     ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ  ၂၂ ရက် နံနက်ပိုင်းတွင်   နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန  - ၂  မှာ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျောင်းသားလူငယ်များသည် အသိပညာနှင့် အတတ်ပညာကို ဟန်ချက်ညီညီထိန်းညှိပြီး မိမိတို့၏ ရည်မှန်းထားသည့်ပန်းတိုင်ကို အရောက်သွားရန် လိုကြောင်း၊ “အလိမ္မာစာမှာရှိ” ဆိုသည့်ဆိုရိုးစကားအတိုင်း စာအုပ်စာပေများ ဖတ်ရန်လိုကြောင်း၊ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို မှန်မှန်ကန်ကန်လေ့လာ သုံးသပ်ပြီး အသိအမြင်မှန်ကန်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် လိုကြောင်း” ပြောကြားခဲ့သည်။

ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူတွေပြင်ပ စာပေဗဟုသုတရရှိဖို့အတွက်   စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့   စာဖတ်ရှိန်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးနေပါတယ်။ အားလပ်ချိန်တွေမှာ စာဖတ်တဲ့ အလေ့အကျင့်ရှိအောင်၊ စာဖတ်ဝါသနာထုံအောင်  ဆရာ၊  ဆရာမများက မိမိတို့ကျောင်းသား၊ ကျောင်းသူတွေကို လေ့ကျင့်ပေးကြရမှာ ဖြစ်ပါတယ်။    ဒီကနေ့မှာ တက္ကသိုလ်ဝင်စာမေးပွဲကို   ဘာသာစုံဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်သူတွေ   အားလုံးနီးပါးဟာ ကျောင်းစာတွေအပြင် စာကြည့်တိုက်က  သုတစာပေ၊  ရသစာပေတွေကို ဖတ်ရှုထားတဲ့အတွက်ကြောင့်လည်း ထူးချွန်စွာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ဆရာ၊ ဆရာမများရဲ့ စေတနာ၊ ၀ါသနာ၊ အနစ်နာဖြင့် ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်ကြားပေးနိုင်ခြင်းကလည်း ထူးချွန်စွာအောင်မြင်ရေးမှာ အထောက်အကူဖြစ်စေပါတယ်။

နိုင်ငံတော်အစိုးရ အနေဖြင့် ပညာရေးကဏ္ဍတွင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်အောင်အမြဲမပြတ် ဆက်လက်အားပေး ဖြည့်ဆည်းပေးနေသကဲ့သို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း အမြဲမပြတ် အပတ်တကုတ်ကြိုးစားလေ့လာ သင်ယူနေကြရမှာဖြစ်ပါတယ်။ ဒါမှလည်း ပညာရေးကဏ္ဍ တိုးတက်အောင်မြင်မှုတွေဖြစ်ထွန်းလာမှာဖြစ်ပါတယ်။  တိုင်းပြည်ပညာရေးကို မြှင့်တင်နိုင်ခြင်းဖြင့်      အနာဂတ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

လျင်မြန်စွာတိုးတက်ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံရဲ့လူမှုအဖွဲ့အစည်းနဲ့ စီးပွားရေးတို့ကိုအပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာမှာ အသိပညာနဲ့ပညာရေးတို့ဟာ  ပို၍မရှိမဖြစ် လိုအပ်လျက်ရှိနေပါတယ်။ အစဉ်လေ့လာသင်ယူနေရတာဟာ ပညာပဲဖြစ်ပါတယ်။ ပညာနဲ့ပတ်သက်လို့  ပညာဆိုတာအပြစ်နဲ့ အကျိုးကိုခွဲဲခြားသိနိုင်တဲ့ ဉာဏ်ဖြစ်ပါတယ်။ မိမိနိုင်ငံ၊ မိမိလူမျိုးကောင်းကျိုးအတွက် ပညာနဲ့ဆောင်ရွက်နိုင်ခြင်းဟာ ကောင်းမွန်တဲ့ အသိဉာဏ်ဖြစ်ပါတယ်။ လူငယ်တွေကို ဗလငါးတန် ပြည့်ဝဖို့အတွက်  အလေးထားလေ့ကျင့် ပျိုးထောင်နေခြင်းမှာ  နိုင်ငံတော်ရဲ့အနာဂတ် အကျိုးစီးပွားအတွက်ဖြစ်ပါတယ်။  လူငယ်တွေဟာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနဲ့ဘောဂဆိုတဲ့ ဗလငါးတန်ပြည့်ဝနေမှလည်း    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးမှာ အထောက်အကူပြုပါဝင် ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားအားထုတ်မှု၊ ဆရာ၊ ဆရာမများရဲ့သင်ကြားပို့ချမှု၊ မိဘတွေရဲ့အားပေး ကူညီမှုတွေကြောင့်လည်း အောင်မြင်သူတွေအဖြစ် ရောက်ရှိလာကြတာဖြစ်ပါတယ်။ အဆိုပါဘာသာစုံဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင် ခဲ့သူကျောင်းသား၊ ကျောင်းသူများအနေနဲ့ အခြေခံပညာမှ အဆင့်မြင့်ပညာသို့ တက်လှမ်းကြရမည့်သူများဖြစ်ပါတယ်။ အဆင့်မြင့်ပညာမှာလည်း  မိမိတို့ရဲ့ဝါသနာပါမှု၊ စိတ်ဝင်စားမှု၊ ဘဝတိုးတက်လမ်း စသည့် အချက်များကိုအခြေခံ မူတည်ရွေးချယ်ပြီး လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ကတော့  စစ်တက္ကသိုလ်၊  တပ်မတော်နည်းပညာတက္ကသိုလ်၊  တပ်မတော်ဆေးတက္ကသိုလ်တွေမှာတက်ရောက်နိုင်ဖို့ ဗိုလ်လောင်းတွေ ခေါ်ယူနေပြီဖြစ်ပါတယ်။   တပ်မတော်ဆေးတက္ကသိုလ်ဆိုရင်လည်း   ယမန်နှစ်ကစပြီး အမျိုးသမီးဗိုလ်လောင်းတွေခေါ်ယူထားတာဖြစ်ပါတယ်။ မိမိနိုင်ငံတော်ကို ကာကွယ်ခြင်းဟာ မွေးရာပါတာဝန်ဖြစ်သလို အင်မတန်ဂုဏ်ယူဖွယ် ကောင်းလှပါတယ်။

မည်သည့်တက္ကသိုလ်ကို တက်ရောက်သည်ဖြစ်ပါစေ    အခြေခံပညာအဆင့်မှာ ထူးချွန်ကြသလို အဆင့်မြင့်ပညာအဆင့်မှာလည်း ကြိုးစားမှုအရှိန်အဟုန်ကို မြှင့်တင်ထားကြရမှာဖြစ်ပါတယ်။ ဒါမှလည်း မိမိတို့တစ်ဦးတစ်ယောက်ချင်းစီဟာ   အနာဂတ်လူ့ဘောင်၊   အနာဂတ်နိုင်ငံတော်ကို   ကျွမ်းကျင်အောင်မြင်စွာ ဖန်တီးတည်ဆောက်နိုင်သူများဖြစ်လာမှာပါ။ စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံသူလူငယ်တွေ ပေါ<ကယ်မှသာ နိုင်ငံတော်ရဲ့အနာဂတ်ကိုပိုမို အလှဆင်နိုင်ကြမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် ထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များကို အထူးတလည် ဂုဏ်ပြုလျက်ရှိပေရာ လူငယ်များ အနေဖြင့်   “ရင်မှာလန်းဆန်း အပြုံးပန်းတို့နဲ့အတူ အောင်ပန်းကိုပြု အောင်ဆုယူကြပြီ” မို့ အထူးပင် ဝမ်းသာပီတိဖြစ်ရပါကြောင်း    ရေးသားလိုက်ပါတယ်။   ။