ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်နှင့် ဖော်ထုတ်ထိန်းသိမ်းထားသော ဟံသာဝတီမြို့ဟောင်း ကျုံးနှင့်မြို့ရိုးတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုစစ်ဆေး
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့ လိုက်ပါလျက် ပဲခူးမြို့ကမ္ဘောဇသာဒီနန်းတော်ရာသို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိသည်။ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၃)က တာဝန်ယူပြုပြင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော မြေနန်းပြာသာဒ်ဆောင်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ၂၂-၅-၂၀၂၃ ရက်နေ့ ပဲခူးမြို့ကမ္ဘောဇသာဒီ နန်းတော်နှင့် မဟာစေတီသို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက် ၁၇ ချက်အနက် ၁၂ ချက်မှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပြီး ငါးချက်မှာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တိကျခိုင်မာ သည့် သမိုင်းဆိုင်ရာ အထောက်အထားများကို သုတေသနပြု၍ စနစ်တကျ ဆောင်ရွက်ရန်၊ ပြုပြင် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် မိုးရေယိုမှု မရှိစေရေးအတွက် အမိုးပိုင်းဆိုင်ရာ ပြုပြင်မှုများ ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ လက်ဝဲ၀င်းဆောင်၊ မြေနန်းပြာသာဒ်ဆောင်နှင့် လက်ယာဝင်းဆောင်တို့တွင် ပြသထားသော နန်းတော်တိုင်ဟောင်း များနှင့် ကျွန်းပြားများကို ထိန်းသိမ်းထားမှု အခြေအနေ၊ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်းသုံးပါး ပုံတော်များနှင့် ၎င်းတို့တည်ဆောက်စံမြန်းတော်မူခဲ့သော နန်းတော်များပုံ၊ ပုံစံတူပြုလုပ်ထားသည့် လက်ဝဲ၊ လက်ယာ မင်းခမ်းတော်ပစ္စည်းများ၊ ဘုရင့်နောင်မင်းတရားကြီး၏ ပန်းပုရုပ်တုတို့ကို အများပြည်သူ လေ့လာကြည့်ရှုနိုင်ရေးအတွက် ခင်းကျင်းပြသထားမှုများ၊ နန်းတော်ကြမ်းခင်းများ ခင်းကျင်းပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနတို့ ပူးပေါင်း၍ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဟံသာ ဝတီမြို့ဟောင်းအရှေ့ဘက်မြို့ရိုးရှိ အင်းဝတံခါး ဝဲ၊ ယာ ကျုံးနှင့်မြို့ရိုးတူးဖော်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟံသာဝတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ သိန္နီတံခါး ဝဲ၊ ယာမြို့ရိုးနှင့်ကျုံး ဖော်ထုတ်ထိန်းသိမ်းထားမှုများ၊ အများပြည်သူ လေ့လာကြည့်ရှု အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖော်ထုတ်ထိန်းသိမ်းထား ရှိမှုများအား ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်သွားရန်နှင့် သန့်ရှင်းသာယာလှပရေး များကိုလည်း အမြဲမပြတ် စစ်ဆေးဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။