အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ဖြစ်သည်။ ယခုနှစ်အတွက် “ပိုမိုကောင်းမွန်သည့် COVID-19 အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများလက်လှမ်းမီပါဝင်ပြီး ရေရှည် တည်တံ့စေရန်ကြိုးစားစို့” ဟူ၍ ဆောင်ပုဒ်ပြုထားသည်။ COVID-19 ရောဂါဆိုးဒဏ်မှ လွတ်မြောက်သည့်နေ့ သည် ကမ္ဘာ့လူသားအားလုံးအတွက် ပျော်စရာအကောင်းဆုံးနေ့ဖြစ်ပေလိမ့်မည်။ လက်ရှိအခြေအနေတွင် ထိုရောဂါကြောင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိသေးပေ။ ထိုအထဲတွင် ၁၉၉၂ ခုနှစ်မှစ၍ ယနေ့တိုင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့သည်လည်း ကျင်းပရန်ခက်ခဲနေသည်။
ယခုနှစ်အတွက် ဆောင်ပုဒ်၏အနှစ်ချုပ်မှာ COVID-19 အလွန်ပျော်စရာ ကောင်းမည့်ကမ္ဘာကြီးတွင် မသန်စွမ်း သူများလည်း မိမိတတ်စွမ်းသည့်နေရာမှ ပါဝင်ဆောင်ရွက်ရန် နှိုးဆော်ထားခြင်း ဖြစ်ပေသည်။ မြန်မာနိုင်ငံ သည် ဗုဒ္ဓဘာသာအထွန်းကားဆုံး နိုင်ငံဖြစ်သည်နှင့်အညီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရား လေးပါးနှင့်အညီ လူအချင်းချင်းတန်ဖိုးထားသည်။မည်သည့်အကြောင်းအချက်နှင့်မျှ လူအချင်း ချင်းခွဲခြားဆက်ဆံခြင်းမရှိကြပါ။ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းသည်။ ဆင်းရဲသူကို ချမ်းသာသူက ကူညီ သည်။ မသန်စွမ်းသူကို သန်စွမ်းသူက ကူညီပေးသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်လည်း မသန်စွမ်းသူများ နှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းထားရှိသည်။ ပုဒ်မ ၃၂။ နိုင်ငံတော်သည်(က)မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်။ (ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဟူ၍ ဖော်ပြထားသည်။
၁၉၈၂ ခုနှစ်ကချမှတ်ခဲ့သည့် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာလိုက်နာရန်အစီအစဉ်တွင် မသန်စွမ်းသူများကို လူ့အဖွဲ့အစည်းအတွင်း သာတူညီမျှသော လူ့အခွင့်အရေးများကို အပြည့်အဝရရှိနိုင်မည့်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ခွင့်များ ရရှိလာနိုင်ရေးတို့ ဆောင်ရွက်ပေးရန်ဖော်ပြထားသည်။ မြန်မာ နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်များ အောင်မြင် စေရန် အစဉ်တစိုက်လိုက်နာကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက် စေမည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများကို ခွဲခြားဆက်ဆံခြင်းအလေ့အထ လွန်စွာနည်းပါးလှသည်။ မြန်မာလူမျိုးများအနေဖြင့် သူတစ်ဖက်သားအပေါ် မည်သို့ကူညီပေးရမလဲဟူသောစိတ်ထားဖြင့် ဆက်ဆံလျက်ရှိသည်။
အမှန်အားဖြင့် မသန်စွမ်းသူများသည်လည်း နိုင်ငံအတွက်နိုင်ငံ့သားကောင်း ပီသသူများအဖြစ် နေထိုင် လျက်ရှိကြသည်။ အားကစားတွင်လည်းကောင်း၊ ပညာရေးဆိုင်ရာတွင်လည်းကောင်း ထူးချွန်ထက်မြက် အောင်ကြိုးစားသူများ အများအပြားရှိသည်။ ကမ္ဘာတွင်လည်း ထင်ထင်ရှားရှားရှိသလို မြန်မာနိုင်ငံတွင်လည်း ထင်ထင်ရှားရှားရှိနေသည်။ နိုင်ငံအတွက် ဝမ်းမြောက်ဖွယ်ဖြစ်သလို သူတို့အတွက်လည်း ဂုဏ်ယူမဆုံးဖြစ် ရသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ စတင်သတ်မှတ်သည့်နှစ်မှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားနှင့်အတူ ပညာရေး၊ လူမှုရေးအားကစားလှုပ်ရှားမှုများ ပြုလုပ်ကာ ထူးချွန်သော မသန်စွမ်းသူများကို ဆုချီးမြှင့်ခြင်းနှင့် မသန်စွမ်းသူများအတွက် အခြေခံအခွင့်အရေးများရရှိရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနယ်ပယ် များတွင် ပူးပေါင်းပါဝင်နိုင်ရေးတို့အတွက် အဓိကဦးစားပေးဆောင်ရွက်လျက်ရှိသည်။ မသန်စွမ်းသူများအဖို့ ကမ္ဘာတစ်ဝန်းလုံးခံစားနေရသော ကပ်ရောဂါဘေးကျရောက်နေသည့် ဤကာလတွင် မိမိတို့ဘဝကို ကျန်းမာခြင်းနှင့်ပြည့်စုံစွာရပ်တည်နေထိုင်ကြရန်လိုအပ်ပေသည်။ မသန်စွမ်းသူများအပေါ် ဝိုင်းဝန်း ကူညီပေး ခြင်းဖြင့် လူသားအချင်းချင်း ချစ်ခြင်းမေတ္တာရှိကြပါဟူ၍ တိုက်တွန်းလိုက်ရပေသည်။ ။