ကင်ညာတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၁၈၈ ဦးသေဆုံး

ကင်ညာတွင် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၁၈၈   ဦးသေဆုံး

နိုင်ရိုဘီ၊ သဘာဝဘေး

ကင်ညာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားရာ အနည်းဆုံးလူ ၁၈၈ ဦးသေဆုံးခဲ့ရကြောင်း ယင်းနိုင်ငံအစိုးရက မေလ ၂ ရက်တွင်ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မိုးသက်မုန်တိုင်းများတိုက်ခတ်ခြင်းတို့သည် နိုင်ငံ အတွင်းရှိ ခရိုင် ၄၇ ခုအနက် ၂၈ ခုတွင် လက်ရှိဖြစ်ပွားနေပြီး လူပေါင်း၂၀၀၀၀၀ နီးပါးမှာ သဘာဝဘေးဒဏ်သင့် လျက်ရှိ ကြောင်း ပြည်ထဲရေးနှင့် အမျိုးသားစီမံအုပ်ချုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရေကြီးမှုနှင့် မြေပြိုမှုများအတွင်း လူ ၁၂၅ ဦး ဒဏ်ရာရရှိထားပြီး လောလောဆယ်တွင် လူ ၉၀ ခန့် ပျောက်ဆုံးလျက်ရှိကြောင်း၊ သဘာဝဘေးကြောင့် လူနေအိမ် ၃၃၁၀၀ လုံးနှင့် စာသင်ကျောင်း ၁၉၆၇ ကျောင်းထိခိုက်ခဲ့ရကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ရေကြီးမှုဖြစ်ပွားရာဒေသများကို ရှောင်ရှား၍ ကုန်းမြင့် ဒေသများတွင်သာ နေထိုင်ကြရန် အကူအညီပေးရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။ နိုင်ငံ အတွင်းရှိ အခြားဒေသများ၌ လာမည့်ရက်ပိုင်းအတွင်း မိုးများဆက်လက်သည်းထန်စွာ ရွာသွန်းဖွယ် ရှိကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

နိုင်ငံအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အစိုးရက အမျိုးသားလူငယ် ကယ်ဆယ်ရေးအဖွဲ့ကို တာဝန်ပေးအပ်ထားကြောင်း သိရသည်။

Ref: Xinhua

Dates: 
Tuesday, July 23, 2024 - 12:25