မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ကို ဒီဇင်ဘာ ၁၅ ရက်အပြီး မွမ်းမံပြင်ဆင်လျက်ရှိ

ရန်ကုန်၊ အထိမ်းအမှတ်

ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ကို ဒီဇင်ဘာ ၁၅ ရက် အပြီး မွမ်းမံပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ် နှင့်   အားကစားကွင်းများဌာနမှ သိရသည်။

လွတ်လပ်ရေးကျောက်တိုင် မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်လုပ်ဆောင် နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မတိုင်မီ ကြိုတင် ပြင်ဆင်မွမ်းမံနေခြင်းဖြစ်သည်။

“လွတ်လပ်ရေးကျောက်တိုင်  မွမ်းမံမှုအနေနဲ့  ငါးနှစ်တစ်ကြိမ်လောက်  ပုံမှန် ဆေးသုတ်တာပေါ့။ အခုလည်း လွတ်လပ်ရေးနေ့မတိုင်မီ ဆေးသုတ်တာတွေ လုပ်ဆောင်နေတာပါ။ လွတ်လပ်ရေးနေ့အခမ်း အနားပွဲ ကျင်းပမယ့် အစီအစဉ်ကတော့ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး တိုင်းဒေသကြီးကနေ ဆက်ပြီး ညွှန်ကြားမှာပါ။ လုပ်ဖြစ်၊ မလုပ်ဖြစ်ဆိုတာတော့ မသိရသေးဘူး” ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနမှူးဦးကိုကို လင်းကပြောသည်။

အဆိုပါ လွတ်လပ်ရေးကျောက်တိုင်သည် အမြင့်ပေ ၁၅၀ ရှိပြီး ဆေးသုတ်နိုင်ရန် ငြမ်းဆင်သည့် လုပ်ငန်း အတွက် ခုနစ်ရက်တာ အချိန်ယူခဲ့ရကာ ဝါးလုံးအရေ အတွက် ၄၀၀ ကျော် အသုံးပြုထားကြောင်း၊ ကျောက် တိုင်ဖြစ်သည့်အတွက် ဆေးသုတ်သည့် လုပ်ငန်းတစ်ခုလုံးတွင် ကနဦးငြမ်းဆင်ခြင်း အလုပ်သည် အခက်ခဲဆုံး ဖြစ်ကြောင်း သိရသည်။                      

အိအိ