ဘက်မလိုက်ရေး အခြေခံမူများကို လိုက်နာဆောင်ရွက်ရန်
အယ်ဒီတာ့အာဘော်
(၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်)
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေစိတ်ထားဖြင့် ဆက်ဆံလျက်ရှိသည်။ အဆိုပါနိုင်ငံများ အနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် မိတ်ဆွေစိတ်ထားဖြင့် ပြန်လည်ဆက်ဆံရန် လိုအပ်သည်။ ဂျီနီဗာမြို့တွင် ဇွန်လ ၁၈ ရက်မှ ဇူလိုင်လ ၁၂ ရက်အထိကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏(၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲများကို သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲကျင်းပခဲ့သည်။ ဤသည်မှာအခြေခံမူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုစသည်တို့နှင့် သွေဖည်လျက်ရှိသည်။ လူ့အခွင့်အရေးကောင်စီသည် အစည်းအဝေး ကာလအတွင်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့်အချက်အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း အစီရင်ခံစာ တင်ပြချက်တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားချက်များကိုသာ လိုရာဆွဲဖော်ပြခဲ့သည်။ အစီရင်ခံစာတွင် တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများဖြစ်စေသောAA အကြမ်းဖက်အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန်မှုများအား လည်းကောင်း၊ အစိုးရကိုဆန့်ကျင်သည့် အခြားလက်နက်ကိုင်အဖွဲ့များ၏အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း လျှော့ပေါ့ဖော်ပြထားသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ အစီရင်ခံတင်ပြချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းက ဖယ်ကြဉ်ရန်သိသာစွာ ဦးတည်ထားသည်ကို တွေ့ရှိသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်အဖွဲ့အစည်းများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အပြစ်မဲ့အရပ်သား ၇၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အထူးအစီရင်ခံစာ တင်သွင်းသူသည် တရားမဝင်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ရှုတ်ချရမည့်အစား ယင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းလျက်ရှိသည်။
ထိုလုပ်ရပ် တိုက်တွန်းချက်မှာ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည်။
အထူးအစီရင်ခံစာ တင်သွင်းသူက ထုတ်ပြန်ထားသည့် တာဝန်မဲ့သော အစည်းအဝေး စာရွက်စာတမ်းများတွင် တရားဝင်ဘဏ်လုပ်ငန်းများသည် စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့နေသယောင် လွဲမှားစွာ ဖော်ပြထားရာ အထင်အမြင်လွဲမှားမှုများ နက်ရှိုင်းစွာဖြစ်ပေါ်စေသည်။ ယင်းစာရွက်စာတမ်းများတွင် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် ပြင်းထန်သော သက်ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ကို လျစ်လျူရှုလျက် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့ အရေးယူမှုများပြုလုပ်ရန် မျှတမှုကင်းမဲ့စွာ တောင်းဆိုထားသည်။
အိုအိုင်စီကမကြာသေးမီက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက် အဆိုအပါအဝင် ယခင်လူ့အခွင့်အရေး ကောင်စီအစည်းအဝေးများ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆို အသီးသီးသည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်၏ အဓိကအကြောင်းရင်းကို ဖော်ပြရန် ပျက်ကွက်သည်။
ယင်းပျက်ကွက်မှုက အဆိုပါဆုံးဖြတ်ချက် အဆိုများသည် ပြဿနာအား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့် ဖြေရှင်းရန် ရည်ရွယ်ချက် ကင်းမဲ့ကြောင်းကို ပြသလျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကာ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အစိုးရအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက မေတ္တာရပ်ခံသည့် ကွင်းဆင်းလေ့လာရေး၊ ခရီးသွားလာရေးနှင့် ဝန်ထမ်းများ နေရာရွှေ့ပြောင်းရေးတို့ကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် လုပ်ပိုင်ခွင့်များနှင့် ဆုံးဖြတ်ချက်အဆိုများ၊ ယင်းတို့၏ နောက်ဆက်တွဲ အပြန်အလှန် ဆွေးနွေးပွဲများသည် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် အထောက်အကူမပြုသဖြင့် မြန်မာနိုင်ငံက အစဉ်တစိုက်ဆန့်ကျင်သည်။ မြန်မာနိုင်ငံက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေး အခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းဖော်ဆောင်ရေးတို့ အတွက် စစ်မှန်သည့်ကြိုးပမ်းမှုများကို ဟန့်တားခြင်းမပြုရန် တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် မြို့ရွာများ၊ လမ်းတံတားများ၊ စာသင်ကျောင်းများ၊ မီးရထားလမ်းများကို ဖျက်ဆီးနေသည်မှာ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများသာဖြစ်သည်။ ထို့ပြင် ဘုန်းတော်ကြီးများ၊ သီလရှင်များနှင့် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်နေသည်မှာလည်း အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများသာဖြစ်သည်။ ဤသည်ကိုထင်ရှားစွာ တွေ့မြင်နေပါလျက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့၏ ကောင်းကျိုးစီးပွား ထိခိုက်အောင် မဟုတ်မမှန်ထုတ်ပြန်သည့် လူ့အခွင့်အရေး ကောင်စီအနေဖြင့် ဘက်မလိုက်ရေး အခြေခံမူများကို သမာသမတ်ရှိရှိ (ဘက်မလိုက်စွာ) လိုက်နာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။