သတိရှိစေဖွယ် ငှက်ဖျားရောဂါအန္တရာယ်
ငှက်ဖျားရောဂါသည် ဖွံ့ဖြိုးစနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖြစ်များသည်။ ငှက်ဖျားရောဂါပိုး သယ်ဆောင် လာသည့် Anopheles ဟုခေါ်သော ခြင်မ အကိုက်ခံရခြင်းကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားရသည်။ ငှက်ဖျားရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားတတ်ပြီး အကယ်၍ ကိုယ်ဝန်ဆောင် မိခင်လောင်းများ ငှက်ဖျားရောဂါဖြစ်ပွားပါက အချိန်မတိုင်မီ ကလေးမွေးဖွားခြင်း၊ ကိုယ်အလေးချိန် မပြည့်သော ကလေး မွေးဖွားခြင်း၊ မွေးဖွားပြီးပြီးချင်း ကလေးသေဆုံးခြင်း၊ သားလျှောခြင်းတို့ ဖြစ်နိုင်သည်။
ထိုခြင်မ အကိုက်ခံရပြီးနောက် ၁၀ ရက်မှ ရက်သတ္တသုံးပတ်အတွင်း၌ လူ့ခန္ဓာကိုယ်အတွင်း ငှက်ဖျား ရောဂါပိုးဝင်ပြီး ရောဂါပိုးတစ်ကြိမ် ဝင်မိပြီဆိုသည်နှင့် အမြစ်ပြတ်ရန် လွန်စွာခဲယဉ်းသည်။ ရောဂါ ဖြစ်ပွားမှု ပြင်းထန်ပါက တစ်ကြိမ်တည်းဖြင့် အသက်ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ငှက်ဖျားရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများမှာ လွန်စွာများပြားသဖြင့် ခြင်ကိုက်မခံရအောင် နည်းအမျိုးမျိုးဖြင့် ကြိုတင် ကာကွယ်သင့်သည်။
ထို့ပြင် ငှက်ဖျားရောဂါကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့တွင် အချိန်သည် အရေးကြီးပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးသူ သို့မဟုတ် ဆရာဝန်ထံတွင် အမြန်သွေးစစ်ကိရိယာဖြင့် စစ်ဆေးမှုခံယူသင့်သည်။ အမြန်သွေးစစ်ကိရိယာသည် အသုံးပြုရလွယ်ကူပြီး ရောဂါစစ်ဆေးမှုရလဒ်ကို လျင်မြန်စွာ သိရှိနိုင်သည်။
ငှက်ဖျားရောဂါလက္ခဏာများ
ငှက်ဖျားရောဂါ၏ လက္ခဏာများမှာ ချွေးစေးများထွက်ကာ ချမ်းတုန်၍ဖျားခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်း စသည်တို့ဖြစ်ပြီး တုပ်ကွေးနှင့် တူသော တခြားလက္ခဏာများလည်း ရှိသည်။ အကယ်၍ ရောဂါပြင်းထန်လာပါက သွေးအားနည်းခြင်း၊ ဆီးထဲသွေးပါခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲရောက်ကာ သတိလစ်မေ့မြောခြင်း၊ အဖျားကြီးလွန်း၍ သတိလစ်မေ့မြောခြင်း၊ သွေးထဲတွင် သကြားဓာတ်လျော့ကျသွားခြင်း၊ အသက်ရှူလမ်းကြောင်းတွင် ပြဿနာဖြစ်လာနိုင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် သရက်ရွက်ကြီးခြင်းတို့ ဖြစ်သည်။
ဆေးယဉ်ပါးငှက်ဖျားရောဂါ
ဆေးယဉ်ပါးငှက်ဖျားရောဂါဆိုသည်မှာ ငှက်ဖျားဆေးများပုံမှန် မသောက်ခြင်း၊ ငှက်ဖျားဆေးအတုများ သောက်သုံးမိခြင်းတို့ကြောင့် ဆေးမတိုးသော ငှက်ဖျားရောဂါအဖြစ်သို့ ရောက်ရှိလာခြင်းကို ဆိုလိုသည်။ ယင်းဆေးယဉ်ပါး ငှက်ဖျားရောဂါသည် ယခုအခါ အိမ်နီးချင်းနိုင်ငံတချို့၌ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံ အတွင်းသို့ ကူးစက်ပျံ့နှံ့လာခြင်းမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၌ ယင်းရောဂါအတွက် အလေးထားကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းအပြင် ပြည်တွင်းဆေး စျေးကွက်အတွင်း ငှက်ဖျားဆေးအတုများ ဝင်ရောက်လာခြင်းမရှိစေရန် သက်ဆိုင်ရာအစိုးရဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပုံမှန်ငှက်ဖျားဆေးများကို ခံနိုင်ရည်ရှိသော ဆေးယဉ်ပါးငှက်ဖျားရောဂါသည် အရှေ့တောင်အာရှ နိုင်ငံ များသို့ လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီဖြစ်ကြောင်း ဗြိတိန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ ဆေးပညာရှင်များက ဆိုသည်။ ငှက်ဖျားရောဂါ နှိမ်နင်းတိုက်ဖျက်ရာတွင် အောင်မြင်မှုကြီးမားအောင် လုပ်ဆောင်လာနိုင် သော်လည်း ဆေးဒဏ်ခံနိုင်သော ရောဂါပျံ့နှံ့လာမှုက ခြိမ်းခြောက်လျက်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံ အတွင်း လက်ရှိ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းနေသော်လည်း ဆေးယဉ်ပါးငှက်ဖျားရောဂါ အတွက်စိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ သတိပေးထားသည်။
ငှက်ဖျားရောဂါနှင့်သေဆုံးမှု
နှစ်စဉ် ကမ္ဘာတစ်ဝန်း၌ ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ သန်း ၃၅၀ မှ သန်း ၅၀၀ နီးပါးရှိပြီး ယင်းရောဂါ ကြောင့် သေဆုံးသူဦးရေမှာ တစ်သန်းမှ သုံးသန်းကြားတွင်ရှိနေခြင်းကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ် နေသည်။ အထူးသဖြင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှု သည် ငှက်ဖျားရောဂါကို ပိုမိုကျယ်ပြန့်စေသဖြင့် ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၅၀ ပြည့်နှစ်ကြား လူဦးရေ ၆၀၀၀၀ ခန့် ငှက်ဖျား ရောဂါကြောင့် သေဆုံးနိုင်ဖွယ်ရှိကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကို အထူး အလေးပေး အားစိုက် နေရသဖြင့် ကမ္ဘာတစ်ဝန်း ငှက်ဖျားရောဂါကြောင့် သေဆုံးမှုသည်လည်း ၁၂ ရာခိုင်နှုန်း တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကဆိုသည်။
ကမ္ဘာ့ပထမဆုံးငှက်ဖျားရောဂါကာကွယ်ဆေး Mosquirix ထိုးနှံ ရေးအစီအစဉ်ကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် အာဖရိကတိုက်၌ စတင်ခဲ့သည်။ လက်တွေ့ စမ်းသပ်လေ့လာမှုများ၏ ရလဒ်များအရ Mosquirix ကာကွယ်ဆေးသည် ကလေးများတွင် ငှက်ဖျား ရောဂါ ပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ ၆၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ငှက်ဖျားရောဂါ
မှတ်တမ်းများအရ မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်က ငှက်ဖျားရောဂါ ဖြစ်ပွားသူဦးရေ လေးသိန်းကျော်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ရောဂါ ဖြစ်ပွားမှုလျော့ကျသွားပြီး ၂၀၁၇ ခုနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါ ဖြစ်ပွားသူဦးရေ တစ်သိန်းကျော်သာရှိတော့ကြောင်း မှတ်တမ်းများအရ သိရသည်။ မည်သို့ပင် ဆိုစေကာမူ ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၌ ပြည်သူ့ ကျန်းမာရေး ပြဿနာတစ်ခုအသွင် ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါ ဖြစ်ပွား/သေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများ၌ ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံးဖြစ်ပွား/သေဆုံးမှုမှာ အရှေ့တောင် အာရှနိုင်ငံများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည်လည်း အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့်အတူ ဖြစ်ပွား/သေဆုံးမှုနှုန်း အများဆုံး နိုင်ငံများတွင် ပါဝင်နေသည်။ မြန်မာ့လူဦးရေတစ်ဝက်ကျော်သည် ငှက်ဖျားရောဂါကူးစက်မှု အန္တရာယ် ရှိသည့် ဒေသများ၌နေထိုင်ကြရပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းစာရင်းအရ မြန်မာတစ်နိုင်ငံလုံး၌ ငှက်ဖျား ရောဂါဖြစ်ပွားသူ သုံးသိန်းနီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထား သည်။
အိမ်တွင်းကုထုံးများ
ငှက်ဖျားရောဂါသည် ရာသီဥတုချမ်းအေးသော တောတောင်များ၌ ကူးစက်ပျံ့နှံ့မှုလွန်စွာမြင့်မားသည်။ အကယ်၍ ငှက်ဖျားရောဂါဖြစ်ပွားနိုင်သည့် အရပ်ဒေသများသို့ မဖြစ်မနေသွားရမည်ဆိုပါက ဆရာဝန်နှင့် တိုင်ပင်ကာ ငှက်ဖျားရောဂါကာကွယ်ဆေး ကြိုတင်သောက်သုံးခြင်း သို့မဟုတ် ကြိုတင်ထိုးနှံခြင်း၊ ဆေးဆောင်ထားခြင်းတို့ ပြုလုပ်သင့်သည်။
ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံ၌ ရှေးပဝေသဏီကတည်းကစ၍ ဖြစ်ပေါ်လာခဲ့သဖြင့် ရှေးလူကြီး များက အိမ်တွင်းကုထုံးများကိုအသုံးပြုကာ ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင် ကုသခဲ့ကြသည်။ သို့ပါ၍ ငှက်ဖျားရောဂါနှင့်ပတ်သက်သော လွယ်ကူမြန်ဆန်သည့် အိမ်တွင်းကုထုံးများကို ဗဟုသုတ ရစေရန် အောက်ပါအတိုင်း ပြန်လည်မျှဝေပေးလိုက်ပါသည်။
• ငှက်ဖျားရောဂါအတွက် စပါးလင် လက်ဖက်ရည်က ကောင်းစွာထိရောက်မှုရှိသည်။ စပါးလင်ပင် လတ်လတ်ဆတ်ဆတ်ကို ထုထောင်း၍ ရေနွေးပူပူတွင် ခတ်သောက်ပါက ငှက်ဖျားရောဂါကို ပျောက်ကင်းစေနိုင်သည်။
• တမာပင်၏အခေါက်က အဖျားရောဂါအမျိုးမျိုးအတွက် ဆေးဖက်ဝင်အသုံးပြုနိုင်သည်။
• မြင်းခွာရွက်နှင့် ငရုတ်ကောင်းစေ့တို့ကို အလေးချိန်ဆတူရောကြိတ်၍ သောက်ပေးခြင်းဖြင့် ငှက်ဖျားရောဂါ အမြစ်ပြတ်ပျောက်ကင်းစေသည်။
• မှန်ကူသီးကိုအစေ့ထုတ်၍ အမှုန့်ပြုလုပ်ပြီး ဖန်ခါးမှုန့်နှင့်ရောကာ သမအောင်ပြုလုပ်ပြီး ဆီးကင်းခန့် အလုံးလေးများပြုလုပ်၍ တစ်နေ့တစ်လုံး နံနက်တိုင်းသောက်ပေးခြင်းဖြင့် ငှက်ဖျားရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည်။
• မြန်မာတိုင်းရင်း ဆေးသမားတော်ကြီးများ၏ အဆိုအရ မြင်းခွာရွက်၊ ပင်စိမ်းရွက်၊ ငရုတ် ကောင်းမှုန့်သုံးမျိုးကို ဆတူရောကြိတ်ပြီး သုံးရွေး သားစီခန့်လုံး၍ နံနက်တစ်လုံး၊ ညတစ်လုံးသောက်ပါ က ငှက်ဖျားရောဂါ ကင်းစင်ပြီး သက်ရှည်ကျန်းမာစေနိုင်သည်။
• လတ်လတ်ဆတ်ဆတ်ကင်ပွန်းချဉ်ရွက်ကြိတ်ရည် (သတ္တုရည်) ကို သောက်သုံးပါက ငှက်ဖျား ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။
• ဒန့်သလွန်ရွက် လက်တစ်ဆုပ်စာကို သိန္ဓောဆားရွေးကြီးစေ့ခန့် ထည့်၍ အရည်ညှစ်ပြီး မျက်စဉ်း ခတ်ပေးပါက ငှက်ဖျားတက်ခြင်းကို ပျောက်ကင်းစေနိုင်ကြောင်း၊ ငှက်ဖျားမတက်မီ မျက်စဉ်းခတ်ရန် သို့မဟုတ် ကျောထဲမှ ချမ်းစိမ့်စိမ့်ဖြစ်လာလျှင် ယင်းမျက်စဉ်းခတ်ရန် အရှင်နာဂသိန် ၏သိမ်ဖြူ ဆေးကျမ်းတွင် ဖော်ပြထားသည်။
- ခင်ပုပ်မြစ် (ဒန်ပူပင်)၊ ဥသျှစ်မြစ်နှင့် သနပ်ခါးမြစ်တို့ကို ဆတူအမှုန့်ပြုလုပ်ပြီး ငါးရွေးသားခန့်ကို တစ်နေ့သုံးကြိမ် ရေနွေးပူပူဖြင့်သောက်ပေးပါက ငှက်ဖျားရောဂါ သက်သာပျောက်ကင်းစေနိုင်သည်။
• ငရုတ်ကောင်း ၄၅ စေ့ကို ညက်အောင်ထောင်း၍ လက်ဖက်စို ၅ ကျပ်သားကို စေးပိုင်နေအောင် ထောင်းပြီး နှစ်မျိုးစလုံးကို သမအောင် ထပ်မံထောင်းပေးပါ။ ယင်းကို အလုံးကလေး ၄၅ လုံးရအောင် လုံးပြီး နေရောင်ပြ၍ အခြောက်ခံပါ။ နံနက်သုံးလုံး၊ ညသုံးလုံးကို ခုနစ်ရက်တိတိ ရေကျက်အေးဖြင့် သောက်ပေးခြင်းဖြင့် ငှက်ဖျားရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။ သောက်နေစဉ် အဖျား မတက်စေရန် ကြာဆံဟင်းခါးပူပူကို ငရုတ်ကောင်းမှုန့်နိုင်နိုင်ထည့်ပြီး အဖျားမတက်မီ တစ်နာရီခန့်အလို ကြိုတင်သောက်ထားပေးပါ။ ဤနည်းက သမားစဉ်ဆက်ထားရစ်ခဲ့ကြသော ငှက်ဖျားပြတ် လက်ဖက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘောဒီးယား၊ တရုတ် (ယူနန်ပြည်နယ်)၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် မဟာမဲခေါင်ဒေသခွဲခြောက်နိုင်ငံသည် ငှက်ဖျားရောဂါ ပပျောက်ရေး အတွက် ဆက်လက်လုပ်ဆောင်နေပြီး ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ၉၇ ရာခိုင်နှုန်း လျော့ကျသွားကြောင်း အစီရင်ခံစာအရ သိရသည်။ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသအတွင်း တီဘီ၊ အိတ်ချ်အိုင်ဗွီနှင့် ငှက်ဖျားရောဂါဖြစ်ပွားနှုန်း အများဆုံးနိုင်ငံများတွင် ပါဝင် နေဆဲဖြစ်သော်လည်း ယင်းအစီရင်ခံစာအရ ငှက်ဖျားရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှု ရှိနေ သည်မှာ ဝမ်းသာစရာဖြစ်သည်။
ငှက်ဖျားရောဂါကို ၂၀၅၀ ပြည့်နှစ်အတွင်း ကမ္ဘာပေါ်မှ အပြီးတိုင်တိုက်ဖျက်နိုင်လိမ့်မည်ဟု ရည်မှန်းထားသော်လည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပါအဝင် ဘဏ္ဍာရေးဆိုင်ရာစိန်ခေါ်မှုများနှင့် တခြားသော အကြောင်းရင်းများကြောင့် ငှက်ဖျားရောဂါတိုက်ဖျက်ရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် လူအများ တစ်နေရာမှတစ်နေရာသို့ သွားလာမှုများပြားခြင်း၊ ဆေးယဉ်ပါး ငှက်ဖျားပိုးများ ပျံ့နှံ့လာခြင်း၊ ငှက်ဖျားဆေးဝါးအတုများနှင့် အရည်အသွေးမပြည့်ဝသောဆေးဝါးများ ကို အသုံးပြုမိခြင်းနှင့် ငှက်ဖျားရောဂါကိုဖြစ်စေသောခြင်များ အလေ့အထ ပြောင်းလဲလာခြင်းတို့က ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ ထို့ကြောင့် မိမိကစ ငှက်ဖျား ရောဂါမဖြစ်စေရေးအတွက် နေ့စဉ်သွားလာနေထိုင်ရာတွင် သတိရှိကြစေ လိုကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးဝန်ကြီးဌာန၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်များ အတိုင်း လိုက်နာသင့်ကြောင်းနှင့် ကမ္ဘာတစ်ခွင် ငှက်ဖျားရောဂါ ကင်းစင်စေလိုကြောင်း အကြံပြုရေး သား လိုက်ရပါသည်။
ပေါက်ပေါက်