မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများမှ တစ်နှစ်အတွင်း ရေနံစိမ်း အမေရိကန်စည်ပေါင်း ၂၆ သိန်းကျော် ထွက်ရှိ

မကွေး၊ သဘာဝတွင်းထွက်

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ရေနံစိမ်းအမေရိကန်စည်ပေါင်း ၂၆ သိန်းကျော်အထိ ထွက်ရှိကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကို မင်းလှမြို့နယ်၊ သရက်မြို့နယ်၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်တို့တွင် အဓိကတူးဖော် လုပ်ကိုင်ကြကြောင်း သိရသည်။

“မကွေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းရှင် တစ်ဦးလျှင် မြေဧရိယာ ၅ ဧကနှုန်းချထားပေးကာ မြေဧရိယာ တစ်ဧကလျှင်ငွေကျပ်သုံးသိန်း အခွန်ငွေ ကောက်ခံတယ်။ လက်ရှိရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင် ၃၃ ဦးရှိပြီး လုပ်ကွက်သက်တမ်းတိုးလိုလျှင် နှစ်လကြိုတင် လျှောက်ထားရပါမယ်။ သတ်မှတ်ထားတဲ့ အခွန်ငွေကို ကျေပွန်စွာထမ်းဆောင်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့က  သက်တမ်းတိုး ထောက်ခံပေးကာ ပြည်ထောင်စုဝန်ကြီးဌာနက လုပ်ကိုင် ခွင့်ချထားပေးတာဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ပုဂ္ဂလိကရေနံ လက်ယက်တွင်း တိမ်လုပ်ငန်းများ  ရေနံစိမ်းအမေရိကန်စည်ပေါင်း ၂၆၉၁၇၉၀ စည်ထွက်ရှိပါတယ်”ဟု ၎င်းက ပြောသည်။ တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကရေနံ လက်ယက်တွင်းတိမ်လုပ်ငန်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေနံစိမ်းအမေရိကန်စည်ပေါင်း ၁၈၂၁၇၀၃ စည်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေနံစိမ်းအမေရိကန်စည်ပေါင်း ၃၃၅၆၂၇၁ စည်နှင့်  ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရေနံစိမ်းအမေရိကန်စည်ပေါင်း ၂၆၉၁၇၉၀  စည်ထွက် ရှိကြောင်း၊ အဆိုပါ ပုဂ္ဂလိက ရေနံလုပ်ကွက်များမှထွက်ရှိသော ရေနံစိမ်းကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ နယ်ရှိ ရေနံချက်ဖိုများသို့ တစ်ဆင့်နယ်ကျော်၊ တိုင်းကျော်သယ်ဆောင်ရာတွင် မကွေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် အခွန်ပေးသွင်းကာ သယ်ဆောင် ခွင့်ဖြင့် သယ်ယူရောင်းချခွင့်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ဘုန်းလင်္ကျာ(မင်းဘူး)