မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့မှ ဆေးပညာဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုပွဲကျင်းပ
မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့ (IMS) မှ ဆေးပညာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲကို ဇူလိုင်လ ၂၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန ဆေးတက္ကသိုလ်-၁ (ရန်ကုန်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဒေါ်မိုးဝင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါ်သင်းသင်းနွဲ့က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့ (IMS) မှ ဆေးတက္ကသိုလ်- ၁ (ရန်ကုန်) သို့ လှူဒါန်းသည့် အလှူငွေကို မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာ အဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါ်သင်းသင်းနွဲ့က ပေးအပ်ရာ ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဒေါ်မိုးဝင့်အောင်က လက်ခံရယူသည်။
ယင်းနောက် ဆေးတက္ကသိုလ်-၁ (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဒေါ်မိုးဝင့်အောင်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာ အဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါ်သင်းသင်းနွဲ့နှင့် တာဝန်ရှိသူများက ဆေးပညာဂုဏ်ထူး ရကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးပညာအဖွဲ့ ဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌသစ် တို့က နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။