ရန်ကုန်မြို့ရှိ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ ဖွင့်ပွဲအဖြစ် ဖူဆယ်ရှုံးထွက်ပြိုင်ပွဲ ကျင်းပရန် စီစဉ်ထား

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ ဖွင့်ပွဲအဖြစ် ဖူဆယ်ရှုံးထွက်ပြိုင်ပွဲ ကျင်းပရန်   စီစဉ်ထားကြောင်း ဖူဆယ်နှင့်  သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ  ဒေါက်တာရဲမွန်ထွဋ်၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (FIFA)၏    နိုင်ငံတကာအဆင့်မီ  ဖူဆယ်အားကစားရုံကို  Suntac Company က တာဝန်ယူ၍ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ရန်ကုန်မြို့  သုဝဏ္ဏအားကစားကွင်းအနီး တည်ဆောက်လျက်ရှိရာ ၂၀၂၁ ခုနှစ် မတ်လတွင် ပြီးစီးမည်ဖြစ်သည်။ အဆိုပါ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံဖွင့်ပွဲကို မေလဆန်းပိုင်းတွင် ကျင်းပရန်လျာထားပြီး ကွင်းဖွင့်ပွဲအဖြစ် ဖူဆယ်ရှုံးထွက်ပြိုင်ပွဲကို ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖူဆယ်အားကစားရုံသစ်ကြီးက ၂၀၂၁ ခုနှစ်  မတ်လလောက်မှာပြီးမယ်။  မေလဆန်းပိုင်းမှာ ကွင်းဖွင့်ပွဲလုပ်မယ်။ ကွင်းဖွင့်ပွဲအဖြစ် အရင်က COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းထားတဲ့ ဖူဆယ်ရှုံးထွက်ပြိုင်ပွဲကို ပြန်ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရဖို့ လိုသေးတယ်။

နောက်နှစ်ထဲမှာ ကပ်ရောဂါလည်းထိန်းနိုင်ပြီ၊ ပြိုင်ပွဲတွေလည်း ကျင်းပလို့ရပြီဆိုရင် ကျင်းပဖို့  လျာထားတာဖြစ်ပါတယ်ဟု ဒေါက်တာရဲမွန်ထွဋ်က ပြောသည်။

ပရိသတ် ၂၀၀၀ ကျော်ဝင်ဆံ့မည့် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံကို FIFA Forward Program ၏ ပံ့ပိုးမှုဖြင့် အမေရိကန်ဒေါ်လာ နှစ်သန်းခန့် အကုန်အကျခံ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။                      

ကိုရဲ