ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဖွင့်လှစ်
ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ပေးမည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇူလိုင်လ ၂၃ ရက်တွင် တရုတ်နိုင်ငံ၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည့် အဆိုပါကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့၌ ဖွင့်လှစ်ခြင်းဖြစ်သည်။
ကုန်စည်ပြပွဲတွင် ပါဝင်ပြသသူ စုစုပေါင်း ၂၀၀၀ ကျော်ရှိသည့်အနက် ထက်ဝက်နီးပါးမှာ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတို့မှ ကုမ္ပဏီများဖြစ်သည်။
ခြောက်ရက်ကြာမြင့်မည့် အဆိုပါ ကုန်စည်ပြပွဲကို အဓိကကဏ္ဍကြီး ၁၅ ခုဖြင့် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး ထိုကဏ္ဍများတွင် စိုက်ပျိုးရေးနည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ အစိမ်းရောင်စွမ်းအင်နှင့် ခေတ်မီစိုက်ပျိုးရေး ကဏ္ဍတို့လည်း အပါအဝင်ဖြစ်သည်။
ယခုကုန်စည်ပြပွဲတွင် ပထမဆုံးအနေဖြင့် ထူးထူးခြားခြား ထည့်သွင်းထားသည့် ကဏ္ဍမှာ ယူနန်ပြည်နယ်၏ ပင်မထွက်ကုန်တစ်ခု ဖြစ်သော ကော်ဖီလုပ်ငန်းဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၆၀ ကျော်က ပါဝင်ပြသထားသည်။
အဆိုပါကုန်စည်ပြပွဲကို ကူမင်းမြို့၌ ၂၀၁၃ ခုနှစ်တွင် ပထမဆုံး ကျင်းပခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြည်တွင်းပြည်ပ ကုမ္ပဏီ ပေါင်း ၁၈၀၀၀ ကျော်ပါဝင်ပြသခဲ့ပြီးဖြစ်သည့်အပြင် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ကာ စီမံကိန်းပေါင်း ၃၀၀၀ ကျော်ကို လက်မှတ်ရေးထိုးစေနိုင်ခဲ့သည်။
ယင်းကုန်စည်ပြပွဲက တရုတ်နိုင်ငံနှင့် တောင်အာရှ နိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုအတွက် အရေးပါသည့် ပွဲတစ်ပွဲဖြစ်သည်။
ထို့ပြင် ၂၀၂၃ ခုနှစ် စာရင်းဇယားများအရ တရုတ်နိုင်ငံနှင့် အဆိုပါနိုင်ငံများကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်ရှိရာ ၂၀၁၃ ခုနှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်း သိရသည်။