တက်စလာက လာမည့်နှစ်တွင် လူတူစက်ရုပ်များ ထုတ်လုပ်မည်
လျှပ်စစ်မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော တက်စလာ ကုမ္ပဏီက လာမည့်နှစ်တွင် လူတူစက်ရုပ်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင်ချုပ် အီလွန်မက်က ပြောသည်။
ကနဦးအနေဖြင့် ၎င်းတို့၏ ကုမ္ပဏီအတွင်း အသုံးပြုနိုင်မည့် လူတူစက်ရုပ်များကို ဦးစွာထုတ်လုပ်သွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ရောက်မှသာ ပြင်ပသို့ရောင်းချရန် ထုတ်လုပ်မှုကို ဆောင်ရွက်သွားမည်ဖြစ်သည်။
တက်စလာ၏ အော့ပတီးမက်စက်ရုပ်က ယခုနှစ်ကုန်တွင် စက်ရုံလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် လာမည့်နှစ်ကုန်တွင် ပမာဏ အမြောက်အမြား ထုတ်လုပ်ရောင်းချရန် အသင့်ရှိမည်ဟု အီလွန်မက်က ဧပြီလတွင်ပြောပြီးနောက် ဇူလိုင်လ ၂၂ ရက်တွင် လူမှုကွန်ရက်၌ ယခုကဲ့သို့ တင်လာခြင်းဖြစ်သည်။
တက်စလာကုမ္ပဏီသည် ၂၀၂၁ ခုနှစ်AI နည်းပညာနေ့ အခမ်းအနား၌ လူတူစက်ရုပ်များ ထုတ်လုပ်သွားမည်ဟူသော ထုတ်ပြန်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဘမ်ဘယ်ဘီး အမည်ရှိ အော့ပတီးမက်စက်ရုပ်ကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
တက်စလာကုမ္ပဏီက မထုတ်လုပ်မီ အခြားကုမ္ပဏီများက ထုတ်လုပ်ထားသော လူတူစက်ရုပ်များသည် အသိဉာဏ်ပါရှိမည် မဟုတ်ကြောင်း၊ စကားလုံးကို ကိုယ်တိုင်ရွေးချယ်နိုင်မည် မဟုတ်ကြောင်း အီလွန်မက်ကပြောသည်။
သို့သော် တက်စလာက ထုတ်လုပ်ထားသော အော့ပတီးမက် စက်ရုပ်သည် အလွန်စွမ်းဆောင်ရည်မြင့် စက်ရုပ်ဖြစ်လာမည် ဖြစ်ကာ စျေးနှုန်းအားဖြင့်လည်း အမေရိကန်ဒေါ်လာ ၂၀၀၀၀ အောက်သာ ရှိမည်ဟု အီလွန်မက် ပြောထားသည်။