GM ကုမ္ပဏီက Origin အစား မျိုးဆက်သစ် Chevrolet Bolt ကို ဦးစားပေး ထုတ်လုပ်မည်
GM ကုမ္ပဏီ၏ မောင်းသူမဲ့ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီခွဲဖြစ်သော Cruise က မူလရည်မှန်းထားသည့် Origin ယာဉ်အစား မျိုးဆက်သစ် Chevrolet Bolt ယာဉ်များကိုသာ ဦးစားပေး ထုတ်လုပ်သွားမည်ဟု ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
GM ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် Origin ယာဉ်အစီးရေ ၂၅၀၀ အထိကို လမ်းမများထက် သွားလာခွင့်ပြုရန် တာဝန်ရှိသူများထံသို့ တရားဝင် လျှောက်လွှာတင်ခဲ့သည်။ သို့သော် ယခုအချိန်အထိ တာဝန်ရှိသူများက အဆိုပါလျှောက်လွှာနှင့် ပတ်သက်၍ မည်သည့်အရေးယူ ဆောင်ရွက်မှုမျှမပြုခဲ့ပေ။
Origin ယာဉ်သည် မောင်းသူမဲ့ယာဉ် အမျိုးအစား တစ်မျိုးဖြစ်သော်လည်း ၎င်းတွင် စတီယာရင်များ၊ ဘရိတ်များ၊ နောက်ကြည့်မှန်များ မပါဝင်တော့ဘဲ ခရီးသည်များ အနေဖြင့် အလိုအလျောက်စနစ်ဖြင့် စီးနင်းနိုင်မည့် မော်တော်ယာဉ်မျိုးဖြစ်သည်။
ယခုအခါ Origin ယာဉ်အစား မျိုးဆက်သစ် Chevrolet Bolt ယာဉ်ကို ထုတ်လုပ်ရေးအတွက် အရင်းအမြစ်များကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် Origin ယာဉ်တချို့ကို ထုတ်လုပ်ထားပြီးဖြစ်သော်လည်း ထုတ်လုပ်မှုကို ရပ်ဆိုင်းထားသည်။ အကြောင်းရင်းမှာ Cruise ၏ မောင်းသူမဲ့တက္ကစီ တစ်စီးက လမ်းသွားလမ်းလာကို ဝင်တိုက်ပြီး ပေ ၂၀ အကွာအထိ ဆွဲယူသွားသည့်အတွက် စုံစမ်း စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။