တစ်ဦးလျှင် ဒေါ်လာ ၄၀ အောက်သာ ကျသင့်မည့် HIV ပိုး ကုသဆေးကို ဂီလိယက် ကုမ္ပဏီထုတ်လုပ်နိုင်မည်
လူတစ်ဦးအတွက် တစ်နှစ်လျှင်ဒေါ်လာ ၄၀ အောက်သာ ကျသင့်မည့် HIV ပိုး ကာကွယ်ဆေးကဲ့သို့ဖြစ်သော ကုသဆေးကို အမေရိကန်ဆေးဝါး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် ဂီလိယက်က ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ဇူလိုင်လ ၂၃ ရက်တွင် ခန့်မှန်းထားသည်။
HIV ပိုးကူးစက်မှုအတွက် လက်ရှိ အသုံးပြုနေသော Lenacapavir အမျိုးအစား ကုသဆေးကို ကာကွယ်ဆေးကဲ့သို့သာ ထုတ်လုပ်နိုင်ပါက HIV ပိုးကူးစက်မှု ကာကွယ်ရေးတွင် ကြီးမားသော အလှည့်အပြောင်း တစ်ခုဖြစ်လာမည်ဖြစ်သည်။
အစောပိုင်း လက်တွေ့စမ်းသပ်မှုများအရ ထိုကာကွယ်ဆေးကဲ့သို့သော ကုသဆေးသည် HIV ပိုးကူးစက်မှုကို ကာကွယ်ရာ၌ ရာနှုန်းပြည့် ထိရောက်မှုရှိသည်ကို တွေ့ရသည်။
ထို့ပြင် အဆိုပါဆေးကို တစ်နှစ်လျှင် နှစ်ကြိမ်သာထိုးရန် လိုအပ်သောကြောင့် HIV ပိုးကူးစက်မှု ကုသရေးအတွက် လက်ရှိ အသုံးပြုနေသော နည်းလမ်းဖြစ်သည့် ဆေးများကို နေ့စဉ်အချိန်မှန် သောက်ရသော ဒုက္ခကိုလည်း ကင်းဝေးစေမည်ဖြစ်သည်။
လတ်တလောတွင် အဆိုပါဆေးကို အမေရိကန်၊ ပြင်သစ်၊ နော်ဝေနှင့် သြစတြေးလျနိုင်ငံတို့ အပါအဝင် နိုင်ငံအချို့၌ အသုံးပြုလျက်ရှိရာ တစ်နှစ်စာအတွက်လူတစ်ဦးလျှင် ဒေါ်လာ ၄၀၀၀၀ ကျော်ခန့် ကျသင့်နေသည်။
သို့သော် လူ ၁၀ သန်းစာအတွက် ညီမျှသော ထုတ်လုပ်မှုကိုသာ လုပ်ဆောင်ပါက ထိုဆေး၏စျေးနှုန်းမှာ တစ်နှစ်စာအတွက် လူတစ်ဦးလျှင် ဒေါ်လာ ၄၀ အောက်သာ ကျသင့်မည်ဟု သုတေသီများက ခန့်မှန်းထားသည်။
ထိုဆေးကို HIV ပိုးကူးလွယ်သူများကို ထိုးပေးမည်ဆိုပါက အခြေခံအားဖြင့် ထိုပိုးကူးစက်မှု ကပ်ရောဂါကို သိသိသာသာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သုတေသီတစ်ဦးကပြောသည်။
ပြီးခဲ့သည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ HIV ပိုးကူးစက်ခံရသူ ၁ ဒသမ ၃ သန်းရှိကာ ထိုပိုးကူးစက်မှုဖြင့် ရှင်သန်နေရသူ ၃၉ သန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသည်။