ကမ်မလာဟဲရစ်က ပါတီအတွင်း ထောက်ခံမှုကိုအပြည့်အဝ ရရှိထားဟုဆို

 

ကမ်မလာဟဲရစ်က ပါတီအတွင်း ထောက်ခံမှုကိုအပြည့်အဝ ရရှိထားဟုဆို

 

      လက်ရှိ   အမေရိကန်ဒုတိယသမ္မတ ကမ်မလာဟဲရစ်သည် သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ဖြစ်လာစေရန် ဒီမိုကရက်တစ်ပါတီ အတွင်း ထောက်ခံမှုကို အပြည့်အဝရရှိထားသည်ဟု ဇူလိုင်လ ၂၂ ရက်နှောင်းပိုင်းတွင်ပြောသည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲသို့ ဝင်ပြိုင်ရန်အားခဲထားသည့် ဂျိုးဘိုင်ဒင်က အခြေအနေအရပ်ရပ်ကြောင့် နုတ်ထွက်သွားပြီးနောက် ကမ်မလာဟဲရစ်က သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်ရန် ရေပန်းစားလာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏တာဝန်ထမ်းဆောင်နိုင်မှု အခြေအနေနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီအတွင်း ဖိအားများနှင့် ရင်ဆိုင်နေရစဉ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုမှ နုတ်ထွက်ကာ ၎င်း၏နေရာအတွက် ကမ်မလာဟဲရစ်ကို ထောက်ခံခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမေရိကန်သမ္မတဟောင်း ဘီကလင်တန်နှင့် ၎င်း၏ဇနီးဟီလာရီကလင်တန်၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပီလိုဆီတို့ အပါအဝင် ဒီမိုကရက်တစ်ပါတီ အတွင်း လွှမ်းမိုးမှုရှိသူများက ကမ်မလာဟဲရစ်ကို သမ္မတရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း အဖြစ် ထောက်ခံအားပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ကမ်မလာဟဲရစ်သည် ယခုကဲ့သို့ သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာပြီးနောက် ၂၄ နာရီအတွင်း ၎င်း၏ရွေးကောက်ပွဲ  မဲဆွယ်စည်းရုံးမှု အတွက် အလှူငွေဒေါ်လာ ၈၁ သန်းအထိ ရရှိထားသည်။

ဒီမိုကရက်တစ်ပါတီ၏ ပြိုင်ဘက်ဖြစ်သော ရီပတ်ဘလစ်ကန်ပါတီက နိုဝင်ဘာလတွင် ကျင်းပမည့်  သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်အဖြစ် သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို တင်သွင်းထားသည်။

ဒီမိုကရက်တစ်ပါတီကမူ    သမ္မတ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို သြဂုတ်လ ၇ ရက်တွင် အတည်ပြုကာ  မဲပေးရွေးချယ်သွားမည်ဖြစ်ပြီး သြဂုတ်လ ၁၉ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ဒီမိုကရက်တစ် အမျိုးသားညီလာခံ၌ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်၏ အမည်ကို တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

Dates: 
Wednesday, July 24, 2024 - 13:43