ယခင်ဗြိတိန်အစိုးရက အကောင်အထည် မပေါ်သော ဒုက္ခသည်များ ပို့ဆောင်ရေး အစီအစဉ်အတွက် ပေါင်သန်း ၇၀၀ သုံးစွဲခဲ့

 

ယခင်ဗြိတိန်အစိုးရက အကောင်အထည် မပေါ်သော ဒုက္ခသည်များ ပို့ဆောင်ရေး အစီအစဉ်အတွက် ပေါင်သန်း ၇၀၀ သုံးစွဲခဲ့

 

      ယခင်ဗြိတိန်အစိုးရအဖွဲ့သည် အကောင်အထည်မပေါ်သော ဒုက္ခသည်များ ပို့ဆောင်ရေး အစီအစဉ်အတွက်   စတာလင်ပေါင် သန်း ၇၀၀ ကိုသုံးစွဲခဲ့ကြောင်း လက်ရှိအစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီး အဗက်ကူပါက ဗြိတိန်အောက်လွှတ်တော်သို့ ဇူလိုင်လ ၂၂ ရက်တွင်ပြောသည်။

ယခင်အစိုးရအဖွဲ့သည်   အထောက်အထားမဲ့   ရွှေ့ပြောင်းဒုက္ခသည်များကို ရဝမ်ဒါနိုင်ငံသို့  ပို့ဆောင်ရေး အစီအစဉ် ချမှတ်ပြီး နှစ်နှစ်အကြာတွင်   ဒုက္ခသည် လေးဦးကိုပို့ဆောင်ရေးအတွက် ပေါင်သန်း ၇၀၀ ကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု အဗက်ကူပါကပြောသည်။

ထိုအသုံးစရိတ်များတွင် ရဝမ်ဒါအစိုးရသို့ ငွေပေးချေမှုအတွက် ပေါင်သန်း ၂၉၀ အပြင် မည်သည့်အခါကမျှ မပျံသန်းဖြစ်သည့်  စင်းလုံးငှားလေယာဉ်များ အတွက် ငွေပေးချေမှု၊ လူရာပေါင်းများစွာကို ဖမ်းဆီးပြီးပြန်လွှတ်မှု၊ ထိုအစီအစဉ်အတွက် ဝန်ထမ်းများကို   လစာပေးချေမှုတို့ ပါဝင်ကြောင်း ပြည်ထဲရေး ဝန်ကြီးက ဆက်ပြောသည်။

ထို့ပြင် ယခင်အစိုးရအဖွဲ့သည် ဒုက္ခသည် ပို့ဆောင်ရေးအစီအစဉ် တစ်ရပ်လုံးအတွက် ပေါင် ၁၀ ဘီလီယံအထိ အသုံးပြုရန် စီစဉ်ထားသည်ဟု အဗက်ကူပါကပြောသည်။

တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့အသစ်သည် ရွှေ့ပြောင်းဒုက္ခသည်များကို ဟိုတယ်များ၌ ဆက်လက်မထားရှိတော့ဘဲ   ဒုက္ခသည်များ စစ်ဆေးလက်ခံမှုကို အချိန်တိုအတွင်း ဆောင်ရွက်သွားမည်ဟု အဗက်ကူပါကပြောထားသည်။

ဗြိတိန်အစိုးရနှင့် ရဝမ်ဒါအစိုးရတို့သည် ဒုက္ခသည်များ ပို့ဆောင်လက်ခံရေး အတွက် သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်တွင် ချုပ်ဆိုထားသည်။

အဆိုပါစာချုပ်အရ  ဗြိတိန်အစိုးရက နိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် အထောက်အထားမဲ့ဟု အတည်ပြုပြီးသော ဒုက္ခသည်များကို ရဝမ်ဒါနိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်သည်။

သို့သော် အဆိုပါအစီအစဉ်ကို လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ရှုတ်ချထားသည့် အတွက် အစိုးရအဖွဲ့အသစ်က ယင်းအစီအစဉ်ကို ဖျက်သိမ်းနိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

Dates: 
Wednesday, July 24, 2024 - 13:47