တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၂၃
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၂ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် JBL Porty Box (၇)လုံး အပါအဝင် ကုန်ပစ္စည်း(၃)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင်လ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး)စစ်ဆေးရေးစခန်း၌ တံတားဦးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅၀၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် SOJEN Light Truckု (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၆၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင်လ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ တရားမဝင် အခြားသစ် (သုည ဒသမ ၇၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၅၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇူလိုင်လ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ဘုတ်ပြင်းခရိုင်တို့ အတွင်း၌ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်သည့် Hijet (၄)စီး၊ Honda Fit (၁)စီး၊ Isuzu (၁)စီး၊ Toyota BB (၁)စီးနှင့် Nissan Liberty (၁)စီး စုစုပေါင်း မော်တော်ယာဉ် (၈)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇူလိုင်လ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၆၃၇၅၄၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။