နိုင်ငံနှင့်တပ်မတော်အတွက် အားကိုးထိုက်သူများ

 

နိုင်ငံနှင့်တပ်မတော်အတွက် အားကိုးထိုက်သူများ

 

အယ်ဒီတာ့အာဘော်                

 (၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅ ရက်)

    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  ပညာရေးနှင့် ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်း ပေးထားသည်။ ပုဒ်မ ၂၈(ဂ)အရ နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်။ ပုဒ်မ ၃၆၆ အရ  နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော   ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က)ပညာသင်ကြားပိုင်ခွင့် ရှိသည်။ (ခ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို  သင်ကြားရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။  ပညာရေးကဏ္ဍတွင် ခေတ်ကာလနှင့် လျော်ညီသည့် ပြဋ္ဌာန်းချက်များဖြင့် သင်ရိုးညွှန်းတမ်းများကိုပြုစုပြီး ဟန်ချက်ညီသည့် ပညာရေးစနစ်ကို အကောင်အထည်ဖော် ပေးနိုင်သကဲ့သို့ ဆရာများ၏ အရည်အသွေးများ တိုးတက်လာစေရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ လိုအပ်သော ထောက်ပံ့ကူညီမှုများကိုလည်း ပြည့်စုံစွာဖြည့်ဆည်း ပေးထားပြီးဖြစ်သည်။

တပ်မတော်သားတို့သည်  နိုင်ငံတော်ကာကွယ်ရေးအတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် စိတ်နှလုံးချမ်းမြေ့စွာ ထမ်းဆောင်နိုင်ရေးအတွက် ယင်းတို့၏ မိသားစုများ၏ လိုအပ်ချက်များကို တပ်မတော်က အစဉ်အမြဲ ဖြည့်ဆည်းပေးလျက်ရှိသည်။  ထိုသို့ဖြည့်ဆည်းဆောင်ရွက်မှုများတွင် တပ်မတော်သားများ၏ သားသမီးများ ပညာရည်မြင့်မားရေး ဆောင်ရွက်ချက်သည်လည်း တစ်ခုပါဝင်သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးလျက်ရှိသည့်အပြင် တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ကြသူများ၊  နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကိုလည်း ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ၌ထူးချွန်စွာ အောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊  စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစတင်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးပြီး ဂုဏ်ထူးဖြင့် အောင်မြင်သူများအား ရရှိသည့်ဘာသာ အရေအတွက်အလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့်  လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “နိုင်ငံတော်၏အနာဂတ်ကို  တည်ဆောက်ဖော်ဆောင်ရာတွင် ပညာရေးကို ရေရှည်မြင့်မားအောင် မြှင့်တင်ဆောင်ရွက်ခြင်းကသာ အကောင်းမွန်ဆုံး၊ အမှန်ကန်ဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း” ဟု ပြောကြားခဲ့သည်။ ထိုသို့ပညာရေးတွင်  အောင်မြင်အောင် ကြိုးစားခဲ့ကြသည့် တပ်မတော်သားမိသားစုဝင် သားသမီးများဖြစ်သော ကျောင်းသား၊ ကျောင်းသူများ၏ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်မှုကို တပ်မတော်က အသိအမှတ်ပြုကာဂုဏ်ပြုခြင်းမှာ ဝမ်းသာကြည်နူးဖွယ် ကောင်းလှသည်။

ကျောင်းသား၊  ကျောင်းသူတို့သည် မိမိတို့မိသားစုဂုဏ်၊  ပညာသင်ကြားခဲ့သည့် ကျောင်းတော်ကြီး၏ ဂုဏ်ကို  ဆောင်နိုင်ခဲ့ပြီဖြစ်သည်။  ထိုမှတစ်ဆင့်  အနာဂတ်တွင်   အမိနိုင်ငံတော်၏ ဂုဏ်ကိုထွန်းလင်းတောက်ပြောင်စေသည့် လူငယ်များဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူဘဝတွင် တပည့်ကောင်းများဖြစ်အောင် ကြိုးစားခဲ့ကြသလို တစ်နေ့နေ့တစ်ချိန်ချိန်တွင် တိုင်းပြည်အတွက် ကျရာတာဝန်များကို ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အတွက် နောင်အနာဂတ်တွင်လည်း စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သူများ ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောက်တက်လှမ်းမည့် အဆင့်မြင့်ပညာရေး များတွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကြိုးစားအားထုတ်မှု အရှိန်အဟုန်အတိုင်း ဆက်လက်ကြိုးစားကြရမည်ဖြစ်သည်။ မိဘတိုင်းသည် မိမိတို့ရင်၌ဖြစ်သော ရင်နှစ်သည်းချာတိုင်းကို မိမိတို့ထက်တော်စေ၊ တတ်စေချင်ကြသည့် ဆန္ဒအပြည့်အဝရှိသည်။ ထို့အတွက်လည်း သားသမီးတို့ ပညာတတ်ကြီးများဖြစ်စေရေး  တတ်စွမ်းသရွေ့  ကြိုးစားမြေတောင် မြှောက်ပေးကြစမြဲဖြစ်သည်။  သို့အတွက်ကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့်  အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော  ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း တပ်မတော်သား မိသားစုဝင်များပီပီ မိဘတို့၏ ကျေးဇူးကို နားလည်သိတတ်စွာနိုင်ငံတော်နှင့် တပ်မတော်အတွက် အနာဂတ်တွင် အားကိုးထိုက်သူများဖြစ်လာအောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။       ။

Dates: 
Thursday, July 25, 2024 - 09:16