စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာ ဉေယျဓမ်တောရကျောင်း၏ဦးစီးပဓာနနာယက မဟာဗောဓိမြိုင်ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မသာမိ ၏ ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း
မဟာဗောဓိမြိုင်ဆရာတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေမွန် ကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာနေ ဦးဘစံ +ဒေါ်မေ တို့က ၁၃၀၃ ခုနှစ်၊ ၀ါဆိုလပြည့် အင်္ဂါနေ့ ည ၁ နာရီတွင် ဖွားမြင်တော်မူ သော သားရတနာဖြစ်ပါသည်။ ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
၁၃၁၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ စနေနေ့တွင် မင်းကုန်း တောရကျောင်းဆရာတော် ဘဒ္ဒန္တသုနန္ဒကို ဥပဇ္ဈာယ်ပြုလျက် မိခင် ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၃ ခုနှစ်၊ ၀ါဆိုလဆန်းတွင် ထန်းတပင်ကျေးရွာ၊ ရွှေဖောင်တော်ဦးကျောင်းတိုက် ခဏ္ဍသိမ်၌ မင်းကုန်းတောရ ကျောင်းဆရာတော် ဘဒ္ဒန္တအာစာရကို ဥပဇ္ဈာယ်ပြုလျက် ဦးဘသန်း+ဒေါ်စောဉာဏ်တို့၏ ပစ္စယာနုဂ္ဂဟခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ (ပထမအကြိမ်) ရောက်ရှိတော်မူခဲ့ပါသည်။ ၁၃၂၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်တွင် လူဝတ်လဲခဲ့ပြီးနောက် ၁၃၄၁ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ တနင်္ဂနွေနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဘောက်ထော်သီရိရတနာလမ်း၊ သာသနာ့ဗိမာန်ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈာယ် ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ (ဒုတိယအကြိမ်) ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူဆည်းပူးခြင်း
၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့၊ ဝေဠုဝန်ပါဠိ တက္ကသိုလ် စာသင်တိုက်သို့ ပိဋကတ်စာပေများ သင်ယူရန်ရောက်ရှိတော်မူခဲ့ပြီး ၁၃၁၉ ခုနှစ်တွင် အစိုးရ ပထမငယ်တန်း အောင်မြင်တော်မူခဲ့ပါသည်။ ၁၃၂၁ ခုနှစ်၊ ၀ါဆိုလဆန်း ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်ပန်းတောင်းကျောင်းတိုက်သို့ စာပေသင်ယူရန် ကြွရောက်တော်မူခဲ့ပါသည်။ ၁၃၂၁ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင်မြို့၊ စိန်မမပါဠိတက္ကသိုလ်သို့ ပညာသင်ယူရန်ရောက်ရှိခဲ့ပြီး ထိုနှစ်မှာပင် အစိုးရပထမလတ်တန်းကို အောင်မြင်တော်မူခဲ့ပါသည်။ ၁၃၂၅ ခုနှစ်၊ နွေဦးကာလတွင် ပုသိမ်မြို့၊ သာသနရံသီပါဠိတက္ကသိုလ်သို့ရောက်ရှိခဲ့ပြီး ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်တော်မူခဲ့ရာ တိုင်းအဆင့်တွင် ဒုတိယရရှိခဲ့ပါသည်။
သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ဘဝဒုက္ခကို သံဝေဂရသည်ဖြစ်၍ ၁၃၃၇ ခုနှစ်မှစ၍ တောတောင်များသို့ ဒေသစာရီ ကြွချီတော်မူခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ၁၃၃၉ ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကျီးချောင်းကျေးရွာ၊ ဆင်ကူးကျေးရွာရှိ “ပြည်လုံးချမ်းသာဖောင်တော်ဦး စေတီတော်” ကို ပြုပြင်မွမ်းမံခဲ့သည်။ ၁၃၄၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အင်္ဂါနေ့မှအစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံးတော်မူခဲ့ပါသည်။ ၁၃၄၁ ခုနှစ်တွင် သာစည်မြို့နယ်၊ ရွှေကျောင်းကုန်းတောင်ထိပ်၌ “လောကမုနိစေတီတော်” ကို တည်ထားခဲ့ပါသည်။ ၁၃၅၃၊ ၁၃၅၄၊ ၁၃၅၅ ခုနှစ်များတွင် ပျဉ်းမနားမြို့ရှိ လက်လုပ်တောင်တောရတွင် သီတင်းသုံးခဲ့သည်။ ၁၃၅၇ ခုနှစ်၊တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ လားဟူ ကျေးရွာ ၂၂ ရွာ၊ လီရှောကျေးရွာ ၄ ရွာတို့ရှိ တိုင်းရင်းသား ၂၀၀၀ ကျော်ကို ထေရဝါဒဗုဒ္ဓဘာသာသို့ ကူးပြောင်းလာအောင်ဆောင်ရွက်တော်မူပြီး ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး “မဟာဗောဓိမြိုင်ဆရာတော်” ဟူ၍ နိုင်ငံအနှံ့ လူသိများထင်ရှားလာခဲ့ပါသည်။ ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရကို စတင်တည်ထောင်၍ ၀ါဆိုလပြည့်နေ့မှ တော်သလင်းလပြည့်နေ့ထိ နှစ်လတိတိ တရားစခန်းဖွင့်လှစ်ပေးခဲ့ပါသည်။ ၁၃၅၉ ခုနှစ်တွင် နတ်တလူတောရ၌ ဉာဏ်တော် ၁၈ တောင်အမြင့်ရှိသော “မင်းဘိသိက်ခံစေတီတော်” ကို စတင်တည်ထားခဲ့ပြီး ၁၃၆၀ ပြည့်နှစ် တပေါင်း လပြည့်နေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲကို အောင်မြင်စွာဆောင်ရွက်တော်မူခဲ့ပါသည်။ ၁၃၆၁ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မွေးရာချက်မြှုပ် အိမ်နေရာတွင် “ဉေယျဓမ် ရွှေချက်သို တံခွန်တိုင်” ကို တည်ထားခဲ့သည်။ ဆရာတော်ကြီးသည် လေးထည်မြောက်သင်္ကန်းကိုစွန့်၍ သုံးထည်သော သင်္ကန်းကို သာဆောက်တည်ခြင်း တိစီဝရိက်ဓုတင်၊ ဆွမ်းခံ၍ရသော ဆွမ်းကိုသာ ဘုဉ်းပေးသုံးဆောင်တော်မူခြင်း ပိဏ္ဍပါတ်ဓုတင်၊ တောရဆောက်တည်ခြင်း အရညကင်ဓုတင် တို့ကိုဆောင်တော်မူလျက် ဒါယကာ ဒါယိကာမအပေါင်းတို့အား ကုသိုလ်တရားပွားများနိုင်ရန် ချီးမြှောက်တော်မူခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးသယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော် ၈၃ နှစ်၊ ၀ါတော် ၄၅ ၀ါအရ ၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် (၃၀-၄-၂၀၂၄)၊ အင်္ဂါနေ့၊ ၁၃း၁၅ အချိန်တွင် သီတင်းသုံးရာကျောင်း၌ ၉၆ ပါး သောရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူ ခဲ့ပါသည်။
(သတင်းစဉ်)