၀ါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၀ါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်  မေ  ၃

၀ါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ  တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ၀ါစိုက်တောင်သူများ၊ ၀ါလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် ၀ါဂွမ်းမှ ချည်မျှင်နှင့်အထည်အလိပ် ထုတ်လုပ်ခြင်း၊  အထည်အလိပ်မှ အထည်ချုပ်လုပ်ရောင်းချ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍတို့ကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အချိုးညီမျှတအောင် ဆောင်ရွက်နိုင်ပါက ရည်မှန်းချက်များ အောင်မြင်မည် ဖြစ်ကြောင်း၊  အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့်  ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များက ရှုထောင့် အသီးသီးမှ ၀ိုင်းဝန်းဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက်  စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မန္တလေးတိုင်း ဒေသကြီး ၀ါစိုက်တောင်သူ တစ်ဦးတို့က ၀ါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၏ လက်ရှိစိုက်ပျိုး ထုတ်လုပ်နေမှုအခြေအနေ၊ လိုအပ်သည့် သွင်းအားစုများ၊ နည်းပညာနှင့်ငွေကြေးအရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်များ၊ လိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှကိုယ်စားလှယ်တစ်ဦးနှင့် အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာတို့က ၀ါကြိတ်ခြင်း၊ ချည်မျှင်ထုတ်လုပ်ခြင်း၊ ရက်လုပ် ခြင်း၊ အချောသပ်ထုတ်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၏ ဆောင်ရွက်နေမှုများ၊ လိုအပ်ချက် များ၊ အားသာချက်၊ အားနည်းချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းမှ ကိုယ်စားလှယ်တစ်ဦးနှင့် SCM Sport Wear ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတို့က အထည်အလိပ် ထုတ်ကုန်ပစ္စည်းများ တီထွင်ဆန်းသစ်မှုနှင့် စျေးကွက်အနေအထားတို့ ကိုလည်းကောင်း   ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အထည်အလိပ်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် လက်ရှိဖြစ်ပေါ်နေသည့် အခက် အခဲများ၊ နည်းပညာ၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်၊ စက်ပစ္စည်းနှင့်သွင်းအားစု စသည့် လိုအပ် ချက်များနှင့် နိုင်ငံတော်မှ ပံ့ပိုးပေးရမည့် အချက်များနှင့်စပ်လျဉ်း၍ စကားဝိုင်းပုံစံဖြင့် ကျင်းပရာ တက်ရောက်လာသည့်    ကိုယ်စားလှယ်များက   ၀ိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် အုပ်စုလေးခုဖွဲ့စည်း၍ Upstream ဖြစ်သည့် ၀ါစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့် အချက်များခေါင်းစဉ်ဖြင့် လည်းကောင်း၊ Middle Stream ဖြစ်သည့် ၀ါဂွမ်းမှ အထည်အလိပ်ထုတ်လုပ်ခြင်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့် အချက်များ ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Down Stream ဖြစ်သည့် အထည်အလိပ်မှ အဝတ်အထည်ချုပ်လုပ် ဖြန့်ဖြူးခြင်းနှင့် စျေးကွက်မြှင့်တင်ခြင်းအတွက် လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာစေရေး ပံ့ပိုးဆောင်ရွက်ပေးရမည့် အချက်များနှင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်သော နည်းပညာနှင့် ငွေကြေးအရင်းအမြစ်ရရှိရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးနှင့် နိုင်ငံတော်မှ ပံ့ပိုး ပေးရမည့် အချက်များ ဖော်ထုတ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အုပ်စုတစ်ခုချင်းစီအလိုက် ဆွေးနွေး ကြပြီးရရှိလာသည့် အချက်များကို ပြန်လည်ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ထုတ်လုပ်မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ရှေ့ဆက်ဆောင်ရွက်ရမည့် အချက်များ ဖော်ထုတ်ခြင်းနှင့်ရေးဆွဲမည့် Action Plan တွင် ပါဝင်သင့်သည့်အချက်အလက်များ၊ ပါဝင်သင့်သည့် ဌာနအဖွဲ့အစည်းများကို ၀ိုင်းဝန်းဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းရှိ တပ်ဆင်ထားရှိသော ၀ါကြိတ်စက်များသည် အရည် အသွေးရှိပြီး စွမ်းဆောင်ရည်မြင့်မားစွာ အသုံးပြုနိုင်သည့် စက်ပစ္စည်းများဖြစ်ကြောင်း၊ ၀ါစိုက်ပျိုးသည်မှ   အဝတ်အထည်ရက်လုပ်သည့် ကွင်းဆက်တစ်လျှောက်ရှိ တောင်သူများ၊ ၀ါကြိတ်စက်များ ချည်မျှင်ထုတ် လုပ်သည့်စက်ရုံများ၊ အထည်စက်ရုံများ၊ အထည်ချုပ်လုပ်ငန်းများ အလုပ်အကိုင်ရရှိ၍ ဝင်ငွေတိုး တက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပမှ ချည်မျှင်နှင့် အဝတ် အထည်များ တင်သွင်းရမှုလျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေအသုံးပြုရမှု လျော့နည်းသက်သာမည် ဖြစ် ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးသို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)