ပညာရေးဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ(တတိယနေ့) ကျင်းပ
နေပြည်တော် ဇူလိုင် ၂၄
ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ(တတိယနေ့)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဆက်လက် ကျင်းပသည်။
ယနေ့ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ ကျောင်းဥပဓိရုပ်ကောင်းမွန်ရန် အလေးထား ဆောင်ရွက်ရေး၊ စာသင်ကျောင်းများ၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာ အရည်အသွေး တိုးတက်ရန်အတွက် အမြဲကြိုးစားအားထုတ် ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပညာရေး ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသများတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရေး ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်းများ ကြီးကြပ်ရေးအဖွဲ့များ၏ စိစစ်ထောက်ခံမှုအရ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခွင့်ပြု အခြေအနေများကို လည်းကောင်း၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ တက္ကသိုလ်အလိုက် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းစဉ်များကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။