နေပြည်တော် ဒီဇင်ဘာ ၃
၂ဝ၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ် ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏တတိယ အကြိမ် ညှိနှိုင်း အစည်း အဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး အမြဲတမ်း အတွင်းဝန်နှင့် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြပြီး အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တပ်မတော်မှ အရာရှိကြီးများ၊ အမြဲ တမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ''လွတ်လပ်ရေးနေ့ အခမ်းအနားများ'' ကို ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်စဉ် နှစ်တိုင်းကျင်းပပြုလုပ်ခဲ့သော်လည်း ယနေ့ကာလသည် Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် သတ်မှတ် ပေးထား သော လုပ်ငန်းတာဝန်များအပြင် '' Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ'' နှင့် ''ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန'' တို့က ထုတ်ပြန် ထားသည့် ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့် စံလုပ် ငန်းလမ်း ညွှန်ချက်များ ကိုပါ အလေးအနက် ဂရုပြုရမည့် ကိစ္စတစ်ရပ် အနေဖြင့် ထည့်သွင်းစဉ်းစား ဆောင်ရွက် သွားကြ ရမည်ဖြစ်ကြောင်း။
''ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန'' အနေဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၌ ၂ဝ၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပရာတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိ စေရေးအတွက် ''အခမ်းအနား စီစဉ်ဆောင်ရွက်မည့်သူများ လိုက်နာရန် စံလုပ်ငန်း လမ်းညွှန်ချက် (၁ဝ)ချက်''၊ ''လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား'' တို့တွင် လိုက်နာ ဆောင်ရွက်ရမည့် ''စံလုပ်ငန်းလမ်းညွှန်ချက် (၆)ချက်''၊ စုစုပေါင်းအချက်(၁၆) ချက်ကို ရေးဆွဲ ပေးထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာဆပ်ကော်မတီများနှင့် တာဝန်ရှိ သူများအနေဖြင့် အဆိုပါ ''စံလုပ်ငန်းလမ်း ညွှန်ချက် (၁၆)ချက်''ကို တိတိကျကျ လိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြား လိုကြောင်း။
လတ်တလော ဖြစ်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါကြောင့် ၂ဝ၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် နံနက်ပိုင်း အခမ်းအနားများဖြစ်သည့် ''နိုင်ငံတော် အလံတင် စစ်ရေးပြ အခမ်းအနား''၊ ''နိုင်ငံတော်အလံ အလေးပြုပွဲနှင့် နိုင်ငံတော် သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ် ကြားခြင်းအခမ်းအနား'' နှင့် နိုင်ငံတော် သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျင်းပမည့် ''ဂုဏ်ထူး ဆောင် ဘွဲ့များချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား'' များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ် ပေးထားသည့် စံလုပ်ငန်းလမ်းညွှန်ချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသွားရမည် ဖြစ် ကြောင်း။
အဆိုပါအခမ်းအနားများသို့ တက်ရောက်မည့် ဧည့်သည်တော်များနှင့် လူထုပရိသတ် များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတ်မှတ်ပေးထားသည့် ''စံလုပ်ငန်း လမ်းညွှန်ချက်များ''၊ ''အမိန့်နှင့် ညွှန်ကြား ချက်များ''နှင့်အညီ တက်ရောက်နိုင်ရေးအတွက် တက်ရောက်မည့် လူဦးရေကို သတ်မှတ်လျှော့ ချထား ပြီးဖြစ်သည့် အပြင် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားကြရန် ပြောကြားလိုကြောင်း။
နိုင်ငံတော်သမ္မတအိမ်တော်၌ ညနေပိုင်းတွင် ကျင်းပမည့် ''လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား'' ကို ယခုနှစ်တွင် ကျင်းပခြင်းမပြုတော့ဘဲ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူး၊ မီးပန်းများ ဂုဏ်ပြု ပစ်ဖောက်ခြင်း အစီအစဉ်ကို အများပြည်သူတွေ့မြင်နိုင်သည့်နေရာများတွင် ခမ်းနားထည်ဝါစွာ ဂုဏ်ပြုပစ်ဖောက် သွားမည်ဖြစ်ကြောင်း၊ မီးရှူး၊ မီးပန်းများ ပစ်ဖောက်ရာတွင်လည်း အန္တရာယ်ကင်းရှင်း စွာပစ်ဖောက်နိုင်ရေး အတွက် စနစ်တကျ ကြိုတင်စီမံပြီး ဇာတ်တိုက်လေ့ကျင့်ထားရန် ပြောကြားလိုကြောင်း။
လက်ရှိဖြစ်ပွားနေသည့် COVID-19ကူးစက်ရောဂါ အခြေအနေကြောင့် စာသင် ကျောင်းများ ပိတ်ထားရသည့် အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်စဉ် ကျင်းပနေသည့် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများကို ယခုနှစ်တွင် ကျင်းပခြင်းမပြုလုပ်ရန် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ အကြောင်းကြား ထားပြီးဖြစ်ကြောင်း။
''နိုင်ငံတော်အလံအလေးပြုပွဲအခမ်း အနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့်ဖိတ်ကြားရေး ဆပ်ကော်မတီ'' အနေဖြင့် နေပြည်တော် မြို့တော် ခန်းမရင်ပြင်၌ နံနက် ၇နာရီတွင် ကျင်းပမည့် ''နိုင်ငံတော်အလံ အလေးပြုပွဲ နှင့် နိုင်ငံတော် သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား'' သို့ တက်ရောက်မည့် အင်အား စာရင်း များကိုလည်း အတည်ပြုချက်ရရှိထားပြီဖြစ်သည့်အတွက် အချိန်မီဖိတ်ကြားနိုင်ရေးနှင့် လိုအပ်သည့် ပန်ကြား လွှာများ ထည့်သွင်းဖော်ပြ နိုင်ရေးစီစဉ် ဆောင်ရွက်သွားရန် ပြောကြား လိုကြောင်း။
''ပြန်ကြားရေးဝန်ကြီးဌာန''အနေဖြင့်လည်း လွတ်လပ်ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေရေးအစီအစဉ်များကို သီးခြားထုတ် လွှင့်ပြသနိုင် ရေး အတွက် ''သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန'' နှင့် ''ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန''တို့ ညှိနှိုင်းရိုက် ကူးထုတ်လွှင့်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းများ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မျိုးချစ်စိတ်ဓာတ် ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေး သီချင်းများ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ် များတွင်လည်း ရေးသားဖော်ပြသွားနိုင်ရေး တို့ကို အချိန်မီစီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပို့စကတ်များကိုလည်း အချိန်မီ
ဖြန့်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အချိန်မီပြီးစီးအောင် ဝိုင်းဝန်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ထို့ပြင် ဆပ်ကော်မတီအလိုက် အသုံးစရိတ်များကို သေချာစွာ စိစစ်တွက်ချက်၍ စနစ်တကျ သုံးစွဲသွားရန် ပြောကြားလိုကြောင်း။
''လုံခြုံရေးဆပ်ကော်မတီ'' အနေဖြင့်လည်း သတ်မှတ်ထားသည့် လုပ်ငန်းတာဝန် များအားလစ်ဟာမှုမရှိအောင် ဘက်စုံထောင့် စုံသုံးသပ်ဆောင်ရွက်ကာ စနစ်တကျစီမံ ချက်များရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိ အောင် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် ပြောကြားလိုကြောင်း။
ယနေ့အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်ကျင်းပခဲ့သည့် ဗဟို ကော်မတီ၏ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲ လုပ်ငန်း များ၊ တွေ့ကြုံနေရသည့်အခက်အခဲ များနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြ ရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းက ၂ဝ၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ် ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် ၂၁ ချက်အနက် ဗဟိုကော်မတီက ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်ခြောက်ချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေက ''နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံ အလေးပြုပွဲစစ်ရေးပြဆပ်ကော်မတီ'' နှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်းအနားများတွင် စစ်ရေးပြ ဆောင်ရွက်မည့် ဂုဏ်ပြု တပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ် ငန်း လမ်းညွှန်ချက်များ အတိုင်း လူဦးရေကန့်သတ် လျှော့ချကာ ဖွဲ့စည်းလေ့ကျင့်ဆောင်ရွက်နေမှု အခြေအနေ များ၊ ဇာတ်တိုက် လေ့ကျင့်မှု အခြေအနေများ၊ စစ်ရေးပြ အခမ်းအနားတွင် ပါဝင်သည့် အရာရှိ၊ စစ်သည်များအား Swab ယူကာ သီးခြားထားရှိ ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည် တော် စည်ပင်သာယာရေး ကော်မတီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ကြိုတင်ပြင်ဆင်ထားရှိ မှုအခြေ အနေ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ''လွတ်လပ် ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ'' နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် စစ်လက်နက်ပစ္စည်းညွှန်ကြား ရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် သန်းကျော်စိုးက ''မီးရှူး မီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ'' နှင့်စပ်လျဉ်း၍ ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂ဝ၂၁ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု သော အားဖြင့် မီးရှူး၊ မီးပန်းများပစ်ဖောက်ရာတွင် ယခင် နှစ်ထက် အရေအတွက်နှင့် အချိန်တိုးမြှင့် ပစ်ဖောက် နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် အများပြည်သူ တွေ့မြင်နိုင်သော နေရာများတွင် ခမ်းနားထည်ဝါစွာ ပစ်ဖောက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦးတို့က ''လုံခြုံရေးဆပ် ကော်မတီ'' နှင့် စပ်လျဉ်း၍ ပေးအပ်ထား သည့်လုပ်ငန်း တာဝန်များအပေါ်ဆောင်ရွက် သွားမည့်လုံခြုံရေး အစီအမံများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက် ကြသူများက လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြံပြု ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။