နေပြည်တော်အတွင်း အခွန်အခနှင့်ကြွေးမြီများ ပြည့်ဝစွာကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော် ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အခွန်အခနှင့်ကြွေးမြီများ ပြည့်ဝစွာ ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိမှုများ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး အခွန်အခြေကိုချဲ့ထွင်ပြီး အခွန်ထမ်းသစ်များ တိုးချဲ့ဖော်ထုတ်ကြစေလိုကြောင်း၊ အခွန်ထမ်းများ လိုက်နာဆောင်ရွက်မှုများကို တိုးတက်စေရန် အခွန်ပညာပေး ရှင်းလင်းပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ရသင့်ရထိုက်သည့် အခွန်အခများကို မှန်မှန်ကန်ကန်ရရှိရေး၊ အခွန်အခနှင့် ကြွေးမြီများ ပြည့်ဝစွာ ကောက်ခံရရှိရေးကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခွန်တိမ်း ရှောင်သူများကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ စည်းကြပ်မှုများကို ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့် အခွန်တိုးတက် ကောက်ခံရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အခွန်အခနှင့်ကြွေးမြီများ ပြည့်ဝစွာ ကောက်ခံရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အခွန်အခကောက်ခံရရှိမှု အခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အခွန်အခ ကောက်ခံရန် လျာထားမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။