နိုင်ငံတော် ပြည်သူနှင့်တပ်မတော်အတွက် နောင်တစ်ခေတ်၏အောင်စစ်သည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ထက်ကြပ်မကွာလိုက်ပါ လာခဲ့သည်မှာ မြန်မာ့တပ်မတော်ဖြစ်သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် စတင်တည်ထောင်လာခဲ့ပြီး ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ကိုယ်ပိုင်တပ်မတော်အဖြစ် ရပ်တည်လာခဲ့သည်မှာ တပ်မတော်၏ ဖြစ်တည်မှုပင်။ နှစ်စဉ် မတ်လ ၂၇ ရက်သို့ရောက်လေတိုင်း တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနား များကို ကျင်းပလာခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့ကား စိန်ရတုတပ်မတော်နေ့ဖြစ်သည်။ တပ်မတော်၏ သက်တမ်းသည် ၇၅ နှစ်ကျော်လွန်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ တည်နေရာအနေအထားသည် ကမ္ဘာတွင်အရေးပါ အရာရောက်သောနေရာဖြစ်နေသည့် အတွက် မဖြစ်မနေလုပ်ဆောင်သင့်သော အမှန်တရားကား ကာကွယ်ရေးစွမ်းအားတောင့်တင်းခိုင်မာရေးပင် ဖြစ်သည်။ ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာရေးအတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လက်ရှိတပ်မတော်(ကြည်း၊ ရေ၊ လေ)၏ စွမ်းအားမှာ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ယှဉ်နိုင်သောအနေ အထားသို့ ရောက်ရှိနေပြီဖြစ်ပေသည်။ တပ်မတော်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ဟူသော စွမ်းရည်သုံးရပ်ပြည့်စုံရေးကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိသည်။

စွမ်းရည်သုံးရပ်ပြည့်စုံရန်မှာ တပ်မတော်သားတစ်ဦးချင်းက လိုက်နာကြိုးစားရန် လိုအပ်လှပေသည်။ စွမ်းရည် ရှိနေဖို့အတွက် တပ်မတော်သားတိုင်းမှာ ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ကျည်တစ် တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ဂုဏ်ကို အသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဟူသော တိုက်ပွဲဝင်စိတ်ဓာတ်မျိုးရှိနေကြရမည်ဖြစ်ပေသည်။ ထို့ပြင် တပ်မတော်သားတို့သည်ကား ခြောက်တိုင်းလည်း မကြောက်၊ မြှောက်တိုင်းလည်း မမြောက်၊ ချော့တိုင်းလည်း မပျော့သူများဖြစ်နေမှသာ တပ်မတော်၏ အဓိက တာဝန်များဖြစ်သော ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ပီပီပြင်ပြင် လုပ်ဆောင်နိုင်ကြမည်ဖြစ်ပေသည်။

တပ်မတော်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ သတ်မှတ် အရည်အချင်းနှင့်ပြည့်စုံသူများကို စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော် ဆေးတက္က သိုလ်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်တို့တွင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

သင်တန်းများပြီးမြောက်သည်နှင့် သက်ဆိုင်ရာပညာရပ်များအလိုက် အဆင့်မြင့်တာဝန်များကို ထမ်းဆောင် ကြရသည်။ ထိုလူငယ်မောင်မယ်များသည် အမှန်စင်စစ် ပြည်သူများ၏ ရင်နှစ်သားချစ် သမီးချစ်များသာ ဖြစ်သည်။ သူတို့သည် တပ်မတော်တွင် ကျရာတာဝန်ထမ်းဆောင်ရင်း မိဘပြည်သူများကိုပြန်လည် လုပ်ကျွေး ကြရသည်။ ဆိုလိုသည်မှာ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ကာကွယ်ရေးတာဝန်၊ ကုသရေးတာဝန် စသည်ဖြင့် တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်ကြ မည်ဖြစ်သည်။

ရွက်ဟောင်းတွေေကြွသွားပြီးနောက် ရွက်သစ်များဝေလာသကဲ့သို့ လူကြီးများ၏နေရာတွင် လူငယ်များက နေရာယူရမည်မှာ လောကဓမ္မတာဖြစ်သည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုစကားအတိုင်း ရှေးခေတ် စကားနှင့်ဆိုရလျှင် ပခုံးပြောင်းတာဝန်၊ ယနေ့ခေတ်စကားအရဆိုလျှင် လက်ဆင့်ကမ်းအမွေပေးကြရပေမည်။ အလှည့်ကျလျှင် အောင်အောင်မြင်မြင် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထက်တွင်ဖော်ပြခဲ့သော တက္ကသိုလ်များက သင်ကြားပြုပြင်ပေးလျက်ရှိသည်။ စစ်တက္ကသိုလ်တွင် စာပေပညာနှင့် စစ်နည်းဗျူဟာ ပညာရပ်များကို လေးနှစ်သင်ကြားပြီး သင်တန်းပြီးမြောက်သည်နှင့် တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိများ အဖြစ် ခန့်အပ်ပေးလျက်ရှိသည်။

ယနေ့သည်  စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၂) သင်တန်းဆင်းသည့်နေ့ဖြစ်သည်။ နောင် တစ်ခေတ်၏ အောင်စစ်သည်ဟူသော ဆောင်ပုဒ်နှင့်အညီ တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် ခေါင်းဆောင် ငယ်များအဖြစ် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရပေမည်။ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသော အခြေခံအရည်အချင်း ငါးပါးနှင့်ပြည့်စုံလျက်ရှိနေပြီဖြစ်ပေရာ နိုင်ငံတော်၏ အနာဂတ်အတွက် သားကောင်းရတနာများအဖြစ် ဂုဏ်ယူနေကြရပေတော့မည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၂)သင်တန်းဆင်း ဗိုလ်လောင်းများနှင့် ယင်းတို့၏ မိဘဆွေမျိုးမိတ်သင်္ဂဟ များအတွက် ဝမ်းသာကြည်နူးဖွယ်နေ့တစ်နေ့ဖြစ်သလို တပ်မတော်အတွက် အားထားဖွယ်ရာ ခေါင်းဆောင် ငယ်များအဖြစ် ဝမ်းမြောက်ဝမ်းသာကြိုဆိုသော နေ့လည်းဖြစ်ပေသည်။ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော် အတွက် အားသစ်လောင်းသောနေ့အဖြစ် မြဝတီကကြိုဆို ရေးသားလိုက်ရပေသည်။    ။