အိုဘားမားနှင့် ပီလိုစီတို့၏ ဖိအားပေးမှုများကြောင့် ပြန်လည် အရွေးကောက်ခံမည့် အစီအစဉ်အား ဘိုင်ဒင် စွန့်လွှတ်ခြင်းဖြစ်ဟုဆို

 

အိုဘားမားနှင့် ပီလိုစီတို့၏ ဖိအားပေးမှုများကြောင့် ပြန်လည် အရွေးကောက်ခံမည့် အစီအစဉ်အား ဘိုင်ဒင် စွန့်လွှတ်ခြင်းဖြစ်ဟုဆို

 

    အမေရိကန်ပြည်ထောင်စုရှိ ဒီမိုကရက်များဖြစ်သည့် သမ္မတဟောင်း ဘားရက်အိုဘားမားနှင့် နန်စီပီလိုစီတို့၏ ဖိအားပေးမှုများကြောင့် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်မှာ ရွေးကောက်ပွဲ၌ ပြန်လည် အရွေးကောက်ခံမည့် အစီအစဉ်အား  စွန့်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း   ပြိုင်ဘက်သမ္မတဟောင်း  ဒေါ်နယ်ထရမ့်က ပြောသည်။

ဘိုင်ဒင်သည် နိုင်ငံအတွင်း၌ ယခုနှစ်အတွင်း ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားခဲ့သော်လည်း အိုဘားမားနှင့် ပီလိုစီတို့၏ ဖိအားများကြောင့် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းင်း၏နေရာတွင်   ဒုတိယသမ္မတ ကမ်မလာဟဲရစ်အား  ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်ပါတီမှ  ကိုယ်စားလှယ်လောင်းအဖြစ် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒင်သည် ယခုနှစ်  ဇွန်လ ၂၇ ရက်က  ထရမ့်နှင့်အတူ ကျင်းပခဲ့သည့် စကားစစ်ထိုးပွဲ၌  ကောင်းစွာယှဉ်ပြိုင် ပြောဆိုနိုင်ခြင်း မရှိသောကြောင့် အဆုံးသတ် မလှခဲ့ကြောင်း၊ ထို့ကြောင့်အိုဘားမားနှင့် ပီလိုစီတို့ နှစ်ဦးစလုံးသည်   ၎င်းအား ထောက်ခံမှုမရှိတော့ကြောင်း   ထရမ့်က New York Post သတင်းစာသို့ ပြောကြားသည်။

ထို့ပြင် ဘိုင်ဒင်အနေဖြင့်   ၂၀၂၄ ရွေးကောက်ပွဲ၌ ထရမ့်အား အနိုင်ရရှိနိုင်ဖွယ် မရှိကြောင်းကို လူထုသဘောထား စစ်တမ်းများက ဖော်ပြလျက်ရှိပြီး ဘိုင်ဒင်၏ ပြန်လည်ရွေးကောက်ခံရရေး မဲဆွယ်မှုများသည်    အောက်လွှတ်တော် ရွေးကောက်ပွဲ၌ ဒီမိုကရက်များ၏ အနိုင်ရရှိမည့် အလားအလာကို ဖျက်ဆီးပစ်နိုင်ကြောင်း ပီလိုစီက ထရမ့်နှင့်စကားစစ်ထိုးခြင်း မစတင်မီ ဘိုင်ဒင်အား ပြောကြားခဲ့ကြောင်း သိရသည်။

Dates: 
Thursday, July 25, 2024 - 12:29