ဗီယက်နမ်နိုင်ငံမှ ဒုံးကျည်တပ်ဖရီးဂိတ် စစ်သင်္ဘောတစ်စင်း ရုရှားသို့ရောက်ရှိ
ဗီယက်နမ်နိုင်ငံမှ ဒုံးကျည်တပ်ဖရီးဂိတ် စစ်သင်္ဘောတစ်စင်းသည် လုပ်ငန်းသဘော အရ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ဆိပ်ကမ်းသို့ ဇူလိုင်လ ၂၄ ရက်တွင် ရောက်ရှိလာကြောင်း ရုရှားပစိဖိတ်ရေယာဉ်အုပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြသည်။
Hung Dao အမည်ရှိ အဆိုပါဖရီးဂိတ် စစ်သင်္ဘောသည် ရုရှားနိုင်ငံ ဗလာဒီဗော့ စတော့ ဆိပ်ကမ်းတွင် ယခုလအကုန်ပိုင်းအထိ ဆိုက်ကပ်ထားမည်ဖြစ်ကြောင်း သတင်းအေဂျင်စီက ဆက်လက်ဖော်ပြသည်။
အဆိုပါဖရီးဂိတ် စစ်သင်္ဘောအား ရုရှားနိုင်ငံက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ် ရေတပ်မတော်၌ ၂၀၁၈ ခုနှစ်တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Hung Dao ဖရီးဂိတ်စစ်သင်္ဘောအား ရန်သူ့ရေယာဉ်များနှင့် ဝေဟင်ပစ်မှတ်များအား ရှာဖွေထောက်လှမ်းရန် အတွက် ထုတ်လုပ်ထားသည့် အပေါ့စားရေယာဉ် တစ်စင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ Rosoboronoexportက ပြောသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဗီယက်နမ်ခရီးစဉ် သွားရောက်ပြီးနောက်ပိုင်း မကြာမီရက်သတ္တပတ်များ အတွင်း ရုရှားနိုင်ငံသို့ Hung Dao ဖရီးဂိတ်စစ်သင်္ဘော ရောက်ရှိလာခြင်းဖြစ်သည်။
သမ္မတပူတင်အနေဖြင့် အာရှ-ပစိဖိတ်ဒေသ၌ အားကိုးအားထား ပြုနိုင်လောက်သည့် လုံခြုံရေးစနစ်တစ်ရပ်ကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်း၏ ဗီယက်နမ်ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရသည်။