ရုရှားမှတရုတ်သို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့ တင်ပို့မှု ကုဗမီတာ ၃၀ ဘီလီယံအထိ ရှိလာနိုင်ဟု ရုရှားပြော
ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ယခုနှစ်အတွင်း ကုဗမီတာ ၃၀ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒားနိုဗက်က ပြောသည်။
ရုရှားစွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Gazprom သည် တရုတ်နိုင်ငံသို့ နှစ်ရှည် သဘောတူညီချက်ဖြင့် Power of Siberia ပိုက်လိုင်းမှတစ်ဆင့် သဘာဝဓာတ်ငွေ့ များ တင်ပို့နေခြင်းဖြစ်သည်။
အဆိုပါပိုက်လိုင်းသည် ရုရှားနှင့် တရုတ်တို့ကြား ဒေါ်လာ ၃၀၀ ဘီလီယံ တန်ဖိုးရှိ နှစ် ၃၀ သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့မည့် အစီအစဉ်ကို တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်းနှင့် ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုး ထားခြင်းဖြစ် ကြောင်း သိရသည်။