ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဆန်ရိက္ခာထောက်ပံ့

ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဆန်ရိက္ခာထောက်ပံ့

ဘားအံ  မေ  ၃

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း ဝင်ရောက်နေထိုင်၍ အကြမ်းဖက်လုပ်ငန်းများနှင့် တိုက်ပွဲများ ဖော်ဆောင်ခဲ့သည့် အတွက် ဒေသခံပြည်သူများသည် ဘားအံ၊ လှိုင်းဘွဲ့၊ မြိုင်ကြီးငူ၊ ကမမောင်းဒေသတို့သို့ ယာယီ ပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှထောက်ပံ့သည့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း နယ်မြေ မတည်ငြိမ်မှုများကြောင့် ယာယီပြောင်းရွှေ့အိမ်ထောင်စုပေါင်း ၇၇၁၁ စု၊ လူဦးရေ ၃၀၆၄၀ ဦးသည် နီးစပ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အအုံများတွင် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြ ရပြီး စားသောက်နေထိုင်ရေး အဆင်ပြေစေရန် မိမိတို့ပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီအစရှိသော စားသောက်ကုန်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ရကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်းမှ ဆောင်ရွက်၍မရဘဲ ဒေသခံများကိုယ်တိုင် ညီညီညွတ် ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ယာယီပြောင်းရွှေ့ ပြည်သူများ အနေဖြင့် ယာယီနေထိုင်သည့်ကာလအတွင်း စည်းစည်းလုံးလုံးနေထိုင်ကြစေလိုပြီး ရာသီဥတုပူပြင်း သည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဂရုစိုက်ကြရန်၊ စည်းကမ်းနှင့်အညီ နေထိုင်ပြီးတာဝန်ရှိသူများ၏ ပြောဆို ဆုံးမမှုများကို နာခံ၍ဆရာတော်ကြီးများနှင့် သက်ကြီးရွယ်အိုများ၏ ဆုံးမသြဝါဒနှင့်အညီ နေထိုင်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များက ဘားအံမြို့ပေါ်ရပ်ကွက်(၉)ရပ်ကွက်၊ မိကရင်၊ လှာကဒေါင်၊ လှာကာ၊ အုန်းတပင်၊ လက္ခဏ၊ အိန္ဒဲ၊ ဗျက္ခ၊ စံဖရီး၊ လှာကမြင်ကျေးရွာအုပ်စုတို့တွင် ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၁၃၉၅ စု၊ လူဦးရေ ၅၄၉၄ ဦးအတွက် ဆန် ၃၈၆၂ အိတ် ထောက်ပံ့ပေးအပ်ရာ ယာယီပြောင်းရွှေ့ နေထိုင်သူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား  ပြန်လည်ပြောကြားသည်။

ယာယီပြောင်းရွှေ့နေထိုင်သူများ စားဝတ်နေရေးကိစ္စရပ်များ အဆင်ပြေစေရန် ကရင်ပြည်နယ် အစိုးရအဖွဲ့   အစီအစဉ်ဖြင့် ၂၀၂၃ ခုနှစ်  နိုဝင်ဘာလ ၂၈  ရက်က အိမ်ထောင်စုတစ်စုလျှင် ဆန် ရှစ်ပြည်၊ ဆီ တစ်လီတာ၊  ခေါက်ဆွဲခြောက် ၁၀ ထုပ်နှုန်းဖြင့်  စုစုပေါင်းအိမ်ထောင်စု ၅၉၂၈ စု၊ လူဦးရေ ၂၃၆၂၄ ဦးတို့အား ဆန် ၁၉၇၆ အိတ်၊ ဆီ ၅၉၂၈ လီတာ၊ ခေါက်ဆွဲခြောက် ၇၆၂ ဖာကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်မှ ၂၃ ရက်အထိ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအထူးဒေသသို့ ယာယီပြောင်းရွှေ့ နေထိုင် သော အိမ်ထောင်စု ၁၅၃၉ စု၊ လူဦးရေ ၆၈၅၇ ဦးတို့အား တစ်ဦးလျှင် ဆန် နှစ်ဘူးနှုန်းဖြင့် သုံးလစာ အတွက် စုစုပေါင်းဆန် ၆၄၂၈ အိတ်ကိုလည်းကောင်း၊ ဧပြီလ ၂၅  ရက်တွင် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၂၃ စု၊  လူဦးရေ  ၈၆၈ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ထောက်ပံ့သည့် ဆန်အိတ် ၆၀၉ အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆက်လက်ထောက်ပံ့ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။                    

(၅၀၀)