ပဲခူးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် ဧပြီ ၃၀
ဆီထွက်သီးနှံများတိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၇ ရက်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန သုံးဆယ် ရေလှောင်တမံ စီမံကိန်းအစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပဲခူးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ဆီထွက်သီးနှံဇုန်တာဝန်ခံများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံသုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုပံ့ပိုးပေးသည့် စနစ်ဖြင့် စီမံကိန်းရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ လာမည့် မိုးနှင့်ဆောင်းဆီထွက်သီးနှံများ ပိုမိုထွက်ရှိအောင်မြင်စေရန်အတွက် ဆီထွက်သီးနှံ အထူး အထွက်တိုးဇုန်များ သတ်မှတ်၍ ဇုန်တာဝန်ခံများ ခန့်အပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဇုန်တာဝန်ခံများက လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေ၊ နည်းပညာတို့ကို သီးနှံအတွက်လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် ချေးငွေများထုတ်ချေးနိုင်ရေး၊ ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး စသည့်လုပ်ငန်းများကို သက်ဆိုင်ရာအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း။
ဇုန်ပြင်ပ စိုက်ဧကများကိုလည်း စိုက်ဧကအထွက်နှုန်းများ မကျဆင်းစေရေးကို တစ်ပါတည်းဆောင်ရွက်ကြရန်၊ ကိန်းဂဏန်းနှင့် စာရင်းဇယားအချက်အလက်များကို အထူးအလေးထား တိတိကျကျ မှတ်တမ်းတင်ကြရန်၊ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် သွင်းအားစုလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဝါသီးနှံကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ခြင်းအား ဘဏ္ဍာရေးနှစ်အလိုက် စီမံဆောင်ရွက်သွားမည်ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်စီမံဆောင်ရွက်ကြရန် ဖြစ်ကြောင်းမှာကြားသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များကို ဆွေးနွေးရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ခရိုင် ရွှေတောင်မြို့နယ် နတ်မော် လျှပ်စစ်ရေတင်လုပ်ငန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရေရရှိရေးအဆိုပြု တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ အဆိုပြုတင်ပြထားမှုများကို သက်ဆိုင်ရာကြီးကြပ်မှုကော်မတီမှ စနစ်တကျစိစစ်၍ ချေးငွေများချေးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ယခုပထမအကြိမ်အဖြစ် ချေးငွေခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းတွင် တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ်(၄၄)၊ လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ်(၇၀) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်လှည်းကူးမြို့နယ် လက်ပံ ကျေးရွာအနီးရှိ လက်ပံလျှပ်စစ်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရေရရှိရေး အဆိုပြုတောင်သူများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေး၍ ဆိုလာစနစ်ဖြင့် ရေတင်လုပ်ငန်း ဆောင်ရွက်ခြင်း သရုပ်ပြရှင်းလင်းမှုများနှင့်အတူ တောင်သူများ၏ တင်ပြချက်များနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။