ကမ္ဘောဒီးယား၌ ပြည်သူ့ဝန်ထမ်းငါးသောင်းကျော်ကို ဆေးစစ်၊ ၇၆ ဦးက မူးယစ်ဆေးဝါးသုံးစွဲထား
ကမ္ဘောဒီးယားနိုင်ငံ၌ ပြည်သူ့ဝန်ထမ်းအယောက်ငါးသောင်းကျော်ကို ဆေးစစ်မှုလုပ်ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့အနက် ၇၆ ဦးမှာ မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို တွေ့ရှိရကြောင်း ဝန်ကြီးချုပ်ဟွန်မာနတ်က ဧပြီလ ၂၉ ရက်တွင် ပြောသည်။
နိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဝန်ထမ်းများကိုဆေးစစ်ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားသော ဝန်ထမ်း ၇၆ ဦးကို အလုပ်မှထုတ်ပယ်လိုက်ကြောင်း ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်ရှိတွင်လည်း ပြည်သူ့ဝန်ထမ်းများကို ဆေးစစ်မှုများ ဆက်လက်လုပ်ဆောင်ဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ပြည်သူ့ဝန်ထမ်းများအနေဖြင့် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဖြန့်ဖြူးမှုတို့တွင် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် ၎င်းတို့ကို ပုံမှန်ဆေးစစ်မှုများ လုပ်ဆောင်ရန် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အားလုံးကို ဝန်ကြီးချုပ်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မည်သည့်ပြည်သူ့ဝန်ထမ်းမဆို မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်ခြင်းတို့ရှိပါက အကြောင်းပြချက်မရှိ အလုပ်ဖြုတ်ခံရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သည့်ပြည်သူ့ဝန်ထမ်းများအနေဖြင့် အလုပ်ပြုတ်မည့်အပြင် နိုင်ငံ၏ တည်ဆဲဥပဒေများအရ တရားစွဲဆို အရေးယူခံရမည် ဖြစ်သည်။
ဟွန်မာနတ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသည့် ပြီးခဲ့သည့်နှစ် သြဂုတ်လမှစ၍ ကမ္ဘောဒီးယားနိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူ ၅၄၈၉ ဦးရှိကာ မူးယစ်ဆေးဝါးတန်ချိန် ၃ ဒသမ ၆၅ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဌာနက ထုတ်ပြန်ထားသည်။
Ref: Xinhua