တရုတ်(တိုင်ပေ)အရေး၊ Tik Tok အရေးတို့နှင့် ပတ်သက်၍ တရုတ်က အမေရိကန်ကို လက်တုံ့ပြန်မည်ဟုဆို

 

တရုတ်(တိုင်ပေ)အရေး၊ Tik Tok အရေးတို့နှင့် ပတ်သက်၍ တရုတ်က အမေရိကန်ကို လက်တုံ့ပြန်မည်ဟုဆို

 

အမေရိကန်သမ္မတ   ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး   အတည်ပြုလိုက်သည့် တရုတ်(တိုင်ပေ)အရေး၊ Tik Tok  အရေးတို့နှင့် ပတ်သက်၍   လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက ဧပြီလ  ၂၉ ရက်တွင် အရိပ်အမြွက်ပြောလိုက်သည်။

ဂျိုးဘိုင်ဒင်သည်  တရုတ်(တိုင်ပေ)ကို စစ်ရေးအရထောက်ပံ့မှုများ ပိုမိုပေးအပ်မည့် ဥပဒေကြမ်း၊ Tik Tok    ကို အမေရိကန် နိုင်ငံ၌ တားမြစ်ပိတ်ပင်မည့် ဥပဒေကြမ်းတို့ကို ဧပြီလ၂၄ ရက်တွင်  လက်မှတ်ရေးထိုး အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့်    အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်ပတ်သက်၍  ကောင်းမွန်မှုရှိမည် မဟုတ်သည့် ဥပဒေပါ အချက်အလက်များကို အသက်မသွင်းရန်  တရုတ်အစိုးရက တိုက်တွန်းကြောင်း   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ     ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းကပြောသည်။

တကယ်လို့များ အမေရိကန်နိုင်ငံက သူတို့ပြဋ္ဌာန်းထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက်မယ်ဆိုရင် တရုတ်နိုင်ငံက ကိုယ့်နိုင်ငံကိုကာကွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးတွေကို ကာကွယ်ဖို့အတွက် ခိုင်မာတဲ့ ဆောင်ရွက်ချက်များကို လုပ်ဆောင်ရပါလိမ့်မယ်ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

တရုတ်(တိုင်ပေ)သည်  တရုတ်နိုင်ငံ၏ နယ်မြေအစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု တရုတ်အစိုးရက သတ်မှတ်ထားသော်လည်း အမေရိကန်ကမူ  တရုတ်(တိုင်ပေ)အတွက် စစ်လက်နက်ပစ္စည်းများကို  အဓိကပံ့ပိုး ကူညီပေးလျက်ရှိသည်။

အလားတူ Tik Tok    ကိုပိုင်ဆိုင်သည့် Byte Dance ကုမ္ပဏီအနေဖြင့် အဆိုပါဖျော်ဖြေရေး ပလက်ဖောင်းကို ပင်မကုမ္ပဏီ မှခွဲထုတ်ရန် အမေရိကန်က တောင်းဆိုထားခြင်း ဖြစ်သည်။

ထို့ကြောင့် Tik Tok    အနေဖြင့် လာမည့် ကိုးလမှ တစ်နှစ်အတွင်း ပင်မကုမ္ပဏီဖြစ်သည့် Byte Dance မှခွဲထွက်ခြင်း မရှိပါက ထိုဖျော်ဖြေရေး ပလက်ဖောင်းအနေဖြင့် အမေရိကန်နိုင်ငံ၌ တားမြစ်ပိတ်ပင် ခံရမည်ဖြစ်ကြောင်း သိရသည်။       

 Ref: TST