အစ္စရေးသို့ စစ်လက်နက်ပစ္စည်းများနှင့်နည်းပညာများ လွှဲပြောင်းပေးနေမှုရပ်တန့်ရန် အနောက်နိုင်ငံများ တောင်းဆို
အစ္စရေးနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချမှုကို ရပ်တန့်ရန်နှင့် နည်းပညာများ လွှဲပြောင်းပေးနေမှုကို ကန့်သတ်ရန် အနောက်နိုင်ငံ အများအပြားက တောင်းဆိုလိုက်ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့၌ လုပ်ဆောင်သော နှစ်ရက်ကြာဆွေးနွေးမှုအပြီးတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း တူကီယဲနိုင်ငံမှ ဟာရီယတ်သတင်းစာက ဧပြီလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ အာရပ်နိုင်ငံများအဖွဲ့ချုပ်နှင့် ဥရောပနိုင်ငံတချို့က အစ္စရေးနိုင်ငံနှင့် ဂါဇာပဋိပက္ခတွင် အစ္စရေးနိုင်ငံအပေါ်ကူညီထောက်ပံ့နေသော နိုင်ငံများအပေါ် ကန့်သတ်ချက်များ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးမှုများတွင် ဝေဟင်အသုံးပြုခွင့်ကန့်သတ်ခြင်းအပါအဝင် ဖိအားပေးလုပ်ဆောင်ချက်များတွင် နိုင်ငံအများအပြားက ပါဝင်လာစေရေး ရည်မှန်းထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ရှေ့နေအယောက် ၉၀ ကျော်ပါဝင်သောအဖွဲ့တစ်ဖွဲ့က ဂါဇာကမ်းမြောင် ဒေသတွင် လုပ်ဆောင်နေသောလုပ်ရပ်များကြောင့် အစ္စရေးနိုင်ငံအပေါ် စစ်ရေးအကူအညီများပေးမှုရပ်တန့်ရန် သမ္မတဂျိုးဘိုင်ဒင်ထံသို့ တောင်းဆိုကြောင်း Politico သတင်းဌာနက ဧပြီလ ၃၀ ရက်အစောပိုင်းတွင် ဖော်ပြထားသည်။
အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသအပေါ်လုပ်ဆောင်နေမှုများသည် အမေရိကန်နှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေကို ချိုးဖောက်နေကြောင်း အဆိုပါ ရှေ့နေများ အဖွဲ့ကပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်စစ်သွေးကြွများက အစ္စရေးနိုင်ငံကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးဖောက် တိုက်ခိုက်သိမ်းပိုက်မှုများ အပါအဝင် လူပေါင်း ၃၄၀၀၀ ကျော်ကို သေဆုံးစေသည့် စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Ref: Sputnik