စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး တက်ရောက်ရန် ဘင်းမ်စတက် လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် အဖွဲ့ဝင်များ နေပြည်တော်သို့ ရောက်ရှိ

 

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး တက်ရောက်ရန် ဘင်းမ်စတက် လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် အဖွဲ့ဝင်များ နေပြည်တော်သို့ ရောက်ရှိ

 

နေပြည်တော်  ဇူလိုင်  ၂၅

      မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်    စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIM-STEC National Security Chiefs'  Meeting) သို့ တက်ရောက်ရန် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများမှ ဘင်းမ်စတက် လုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တစ်ဆင့်  နေပြည်တော်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။

နေပြည်တော်သို့ ရောက်ရှိလာကြသော အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ ဖြစ်ကြသည့်  အိန္ဒိယနိုင်ငံမှ  H.E. Shri Ajit Doval  ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Ambassador Abdul Motaleb Sarker ၊ ဘူတန်နိုင်ငံမှ  Mr. Sonam Wangyel ၊   နီပေါနိုင်ငံမှ  H.E.  Mr.   Harishchandra Ghimire ၊ သီရိလင်္ကာနိုင်ငံမှ  General    KamalGunaratne(Retd) WWV RWP RSP USP   Ndc  psc  MPhil   ၊   ထိုင်းနိုင်ငံမှ Ms. Kanyarat Angkanavisalya တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။

ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ အကြီးအကဲများသည် ဇူလိုင်လ ၂၄ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြရာ   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး    အစိုးရအဖွဲ့ဝန်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့အတူ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးအတွက်   အကြိုညှိနှိုင်းအစည်းအဝေး    တက်ရောက်မည့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့် ဘင်းမ်စတက် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည်  ဇူလိုင်လ ၂၂ ရက်နှင့် ဇူလိုင်လ ၂၃ ရက်တို့တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။