အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ”လူငယ်စကားဝိုင်း ကျင်းပ
နေပြည်တော် ဇူလိုင် ၂၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI)တို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ တွင် အစိုးရစက်မှုလက်မှု သိပ္ပံ(အင်းစိန်)ကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည် နှင့်ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာသင်တန်း ကျောင်း(JMASVTIု) ကျောင်းအုပ်ကြီး ဒေါက်တာရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အဆိုပါစကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်က ကျောင်းသားလူငယ်များ အနေဖြင့် အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစား တွေးခေါ်မှုများ မှန်ကန်စေရန်၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်တည်စေရန်နှင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းစေရန် ရည်ရွယ်၍ တက္ကသိုလ်/ကောလိပ်များတွင် ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ”ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း (JMASVTI)မှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့သိရှိလိုသည်များကို မေးမြန်းကြပြီး ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။