တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ 

 

နေပြည်တော်  ဇူလိုင်  ၂၅

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ   ဇူလိုင်လ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်   ထိုင်းနိုင်ငံထုတ် Bed Sheet Material အခု (၅၀)(ခန့်မှန်းတန်ဖိုး ငွေကျပ်  ၄၅၀၀၀၀၀) ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌  ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lactasoy ပဲနို့ဘူး (၄၂၀၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   King Long Bus (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး     အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၂၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးစခန်း၌    တာချီလိတ်မြို့မှ စစ်ကိုင်းမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင်ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Coconut Fiber အုန်းဆံချပ်ကီလိုဂရမ်(၆၀၀)၊ Swivel Office Chair  (၅)လုံး အပါအဝင်   ကုန်ပစ္စည်း (၅၅)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၈၃၀၃၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁)စီးနှင့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၀၈၃၀၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌    လိုင်စင်မဲ့ Super Custom မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး   ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် လ ၂၄ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ဂျပန်နိုင်ငံထုတ် စက်ဘီး (Used) အစီး (၃၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၆၀၀၀၀)နှင့်     အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   Nissan  Diesel Truck (၂)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို  အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(သုည ဒသမ ၆၂၃) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၈၇၆၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇၀၀၈၇၆၈) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၇၉၁၇၉၈)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Dates: 
Friday, July 26, 2024 - 13:59