သာယာဝတီခရိုင် အတွင်း ရေဘေးဖြစ်ပွားသည့် နေရာများအား သွားရောက် ကူညီထောက်ပံ့
သာယာဝတီ ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းတွင် သာယာဝတီ ခရိုင်အတွင်း ဧရာဝတီမြစ်ရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြစ်မခ မြစ်ရေကြီးမှုတို့ကြောင့် သာယာဝတီခရိုင်အတွင်း ရေဘေးဖြစ်ပွားသည့်နေရာများအား လိုအပ်သည်များ သွားရောက်ကူညီ ထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လက်ပံတန်းမြို့နယ် ဖိုးကတိုး-ကညင်အောတာနှင့် လက်ပံတန်း-သာရဝေါ မဟာဗျူဟာလမ်း မိုင်တိုင်အမှတ်(၅/၁)နှင့် (၅/၂)ကြား ရေကျော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းရေကျော်သည့် နေရာများတွင် ရေလမ်းကြောင်း လမ်းညွှန်အမှတ်အသားများနှင့် လမ်းပြများထားရှိရန်၊ ရေပြန်လည်ကျဆင်းသွားပါက ချက်ချင်းပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့နယ် ထန်းပင်ကုန်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေး စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားသုံးကုန်များအား လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးသင့်ဦးရေ ၉၆ ဦးအတွက် ဆန်ရိက္ခာဖိုး တစ်ပတ်စာအတွက် ငွေကျပ် ၂၀၁၆၀၀ ကျပ်၊ နေအိမ်ကြိုတင်ပြောင်းရွှေ့စရိတ် ၄၂၇၃၀၀ ကျပ်နှင့် ရေဘေးကယ်ဆယ်ရေးစခန်း၌ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းတို့အား ထောက်ပံ့ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ် သုံးဆယ်- ဖိုးခေါင်-စံရွေးလမ်းပေါ်ရှိ တံတားအမှတ်(၁/၆)၊ (၁/၇)၊ (၂/၇)နှင့် (၃/၇)တို့တွင် မြစ်မခ မြစ်ရေကြီးမှုကြောင့် ရေတိုက်စားကာ တံတားကမ်းကပ်ခုံများ ထိခိုက်မှုမရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြေနိမ့်ဒေသဖြစ်ခြင်း၊ရေဝပ်ဧရိယာ များပြားခြင်းနှင့် ရေစုဝင်ရောက်မှုအရှိန် များပြားခြင်းတို့ကြောင့် တံတားကမ်းကပ်ခုံများ ထိခိုက်မှုမရှိစေရေး တုပ်ရိုက်ခြင်း၊ သဲအိပ်ကာခြင်းများဆောင်ရွက်ရေး ဖြည့်ဆည်းပေးခဲ့ပြီး ရေထွက်ပေါက်လမ်းကြောင်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။