မြစ်တို့၏ သဘော

ယမန်နေ့မှအဆက်

''ဘယ်သူမှမသိပါဘူးအန်တီရယ်။  ပန်းတို့ဆိုတာ ကတော့ ဒီဘက်နားပေါက်ကဝင်လာတာကို ဟိုဘက် နားပေါက် က ထုတ်ပစ်လိုက်ပါပြီ။ ဒီတော့ စိတ်အေး လက်အေးနဲ့သာ အန်ကယ့်ကိုလက်ထပ်လိုက်ပါ'' ''အန်ကယ် ကန့်ကွက် တယ် ပန်း။ အထူးသဖြင့် လက်ထပ်ဖို့ကို ကန့်ကွက်တယ်''

ကိုချစ်သောင်းက အေးဆေးတည်ငြိမ်စွာပြော၏။ ''ဘာလဲ၊ အန်ကယ်က သစ္စာဖောက်သွားပြီဆိုပါ တော့''

''ဆုံးအောင်နားထောင်ပါဦးပန်းရယ်။ တစ်သက်လုံး  စောင့်ဆိုင်းလာပြီးမှ ဒါကလေးနဲ့အချစ်ပြယ်သွားပြီ ထင်တာဟာ  အန်ကယ့်သစ္စာကို စော်ကားတာပဲကွ။ ဒီလိုရှိတယ်၊ လက်မထပ်သင့်ဘူးလို့ဆိုတာဟာ လူ့စိတ် လူ့သဘောကိုသိလို့ ကြိုတင်ကာကွယ်တာပါ။ အန်ကယ် နဲ့မြသွေးနဲ့လက်ထပ်လိုက်ပြီဆိုပါစို့။ တစ်လောကလုံး မှာ အန်ကယ်တို့လောက် ပျော်တဲ့လူရှိမှာမဟုတ်ဘူး။

သားသမီးရလာတဲ့အခါကျတော့ သားသမီးသံယောဇဉ် ဟာ သိပ်ကြီးတယ်။ ဒီကြိုးအဖြတ်ခံရမှာကို သေရတော့ မတတ်ကြောက်ကြတယ်။ ဒီတော့ ဒီသား ဒီသမီးနဲ့ ပျော်ရွှင်စွာနေထိုင်ရခြင်းကို အန္တရာယ်မဖြစ်အောင် သတိထားကာကွယ်ရင်း ပန်းနဲ့မခင်ရီကို အန္တရာယ် အဖြစ် ကျွန်တော်ဖြစ်စေ မြသွေးက မြင်ကောင်းမြင်လာ လိမ့်မယ်။ ဖြစ်နိုင်ရဲ့လားမခင်ရီ'' ''ဒီသဘောက မဆိုးပါဘူးရှင်'' ''ငါ့လင် ငါ့မယား ငါ့သားသမီးနဲ့ ပျော်ပျော်ရွှင်ရွှင် အမြဲနေနိုင်ဖို့ဟာ ငါတို့အကြောင်းသိထားတဲ့ ဒီသား အမိကို ရှင်းပစ်မှအေးမယ်ဆိုတဲ့အတွေးဟာ ရိုးရိုး အချိန်မှာပေါ်မလာဘူးလို့ ကျွန်တော်ကိုယ်တိုင်တောင် ကျွန်တော်မပြောနိုင်ဘူး။ မတော်တဆအဆင်မပြေကြ ရင်တော့ ငါတို့သတင်းကို သွားပြောတော့မလား၊ ပြောတော့မလားနဲ့ တထိတ်ထိတ်နေရမယ်။ ဒါကြောင့် ပိုပြီး ဖျောက်ဖျက်ချင်စိတ်ပြင်းထန်လာမယ်။ မခင်ရီတို့ သားအမိဘက်ကလည်း ဒါကိုကိုင်ပြီး အနိုင်မကျင့်ဘူး မပြောနိုင်ဘူးမခင်ရီ။ လူ့စိတ်ဟာ အင်မတန်ဖောက်ပြန် လွယ်တာနော်''

''ဒါကိုထည့်တွက်တာ မမှားပါဘူး'' မခင်ရီက ထောက်ခံလိုက်ပြီး ကိုချစ်သောင်းပြောမည် ကို စောင့်ဆိုင်းနေသည်။

ကိုချစ်သောင်းမှာ ဆက်လက်ပြောဆိုရမည့်စကား ကိုသင့်မသင့် ချိန်ဆနေပုံရသည်။ ဆေးတံကိုအရသာခံ ရှိုက်ဖွာရင်း  မီးခိုးများနှင့်အတူ လွင့်မျောနေသည်လား လည်းမသိ။

အတန်ကြာတိတ်ဆိတ်နေမှ မခင်ရီကပြော၏။ ''မမြသွေး'' ''ရှင်'' မမြသွေးက သနားစဖွယ်ကြည့်သည်။ ''ကျွန်မ စောစောကပြောခဲ့တာကို မှတ်မိသေးလား ဟင်'' ''ဘာကိုလဲ ဟင်'' ''ဘာပဲဖြစ်ဖြစ်  တွေးပြီးကြောက်နေမယ့် အစား ပြေးပြီးရင်ဆိုင်လိုက်ပါ ဆိုတာလေ။ အခုလည်း မမြသွေး ဟာ တွေးကြောက်မနေဘဲ ရင်ဆိုင်စေချင် တယ်ရှင်''

''နေပါဦး မခင်ရီ။ မခင်ရီ အခု ဘာကိုဆိုချင်တာလဲ'' ကိုချစ်သောင်းကမေး၏။

''အရီ့သဘောကတော့ ဂါတ်ကိုပြေးပြီး ဖြောင့်ချက် ပေးမှာပဲ'' ''ဟင်'' မမြသွေးမှာ မခင်ရီ၏ဘေးတွင်ကပ်နေရာက

ခွာဆုတ်သွားရာ ပန်းကိုဝင်တိုက်ပြီး မဆုတ်သာဖြစ်နေ ၏။

''အရီက အကြံပေးတာပါ မမြသွေးရယ်။ ကြောက်တာ မယုံသင်္ကာဖြစ်တာ အသာထားပြီး ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်စေချင်ပါတယ်။ ကဲ အခုကိစ္စမှာ မိမိကြီး ကိုမမြသွေးသတ်သလား၊ မသတ်ဘူး။ မသတ်ဘဲနဲ့ မမြသွေး ဘာဖြစ်လို့ကြောက်နေရတာလဲ။ ဘာကို ကြောက်နေတာလဲ'' ''ဟုတ်တယ် မခင်ရီရေ၊ ဟုတ်တယ်'' ကိုချစ်သောင်း သည်  ထွက်ပေါက်ရသွားသူလို  ဝမ်းသာစွာဆက်အော်၏။ ''မေးစရာတော့ရှိပါတယ်။ ကိုယ်မသတ် ဘဲနဲ့ ဘာဖြစ် လို့ သွားပြီးဖြောင့်ချက်ပေးရမှာလဲလို့။ ဒါပေမဲ့ မမြသွေးပဲ  မိမိကြီးသေတာနဲ့ ပတ်သက်ပြီး   ကြောက်နေတယ် မဟုတ်လား။ ကိုယ်ချစ်တဲ့လူနဲ့လက်ထပ်ဖို့အရေးမှာ တောင် ဒီအမှုကို ကျူးလွန်ထားမိလို့ အမှုပေါ်ချိန်မှာ ဦးချစ်သောင်းကို ထိခိုက်မှာစိုးတယ်လို့ မမြသွေးပဲ ဝန်ခံခဲ့တယ်မဟုတ်လား။ ဒီအမှုမှာကြည့်၊ မမြသွေး မသတ်ဘူး။ ဒါဖြင့် လူသတ်မှုနဲ့အပြစ်ပေးခံစရာဘာရှိ သလဲ။ ကဲထားပါတော့၊ သတ်ရန်ကြံစည်မှုနဲ့အပြစ် ပေးတယ်ပဲထားပါ၊ ဘယ်နှနှစ်ခံရမလဲ၊ လွန်ရောကျွံရော တစ်နှစ်။ ဒါပေမဲ့ မခံရဖို့က များပါတယ်။ တကယ်လို့သာ မမြသွေး ထွက်ပြေးရင် အမှုကမပြတ်သေးတဲ့အတွက် အပြစ်ရှိတယ်လည်း ထင်နေတဲ့ အတွက်  တစ်စက်မှ စိတ်မအေး ရဘူး။ ချစ်တဲ့လူနဲ့ရော  ဘယ်အခါကျမှ ပေါင်းရမလဲ။ အရီပြောသလိုသာ သွားရှင်း ပစ်လိုက်ရင် ရှင်းရှင်း လင်းလင်းကြည်ကြည်လင်လင်နဲ့ လက်ထပ် နိုင်မယ်မဟုတ်လား''

''မြသွေးရေ၊ ဒါကောင်းတယ်ဟေ့''

ဦးချစ်သောင်းက ထောက်ခံလာပေမယ့် မမြသွေးမှာ စဉ်းစားဆဲ။

ဆက်လက်ဖော်ပြပါမည်။